ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံ (The Fifth China Quality Conference) သို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁
(၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာ ညီလာခံ (The Fifth China Quality Conference) ကို  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့တွင် စက်တင် ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပပြုလုပ်ရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက် လျက်ရှိပါသည်။
အဖွင့်အမှာစကားပြောကြား
ညီလာခံဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Chengdu Century City New International Convention Center ၌ စတင်ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပါဝင်ပြောကြားပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်ရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုပုံစံနှင့် စွမ်း ဆောင်ရည်အာမခံချက်များတွင် အရည်အသွေးပိုင်းဆိုင်ရာသဘောတရားများကိုလည်း လျစ်လျူ ရှုထား၍ မရနိုင်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် (၁၄) ကြိမ်မြောက် (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) တွင် ပတ်ဝန်းကျင်နှင့် ဆီလျော်သည့် အစိမ်းရောင်စီးပွားရေးလမ်းကြောင်းပေါ်သို့ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် စက်မှုလုပ်ငန်း များထည့်သွင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပ ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၁၄) ကြိမ်မြောက် အမျိုးသားညီလာခံ အစည်းအဝေး၌ သမ္မတ ရှီကျင့်ဖျင်က အရည်အသွေးမြင့်သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရေးနှင့် အရည်အသွေးမြင့် သည့်ထုတ်ကုန်များကို ပိုမိုအဆင့်မြှင့်တင်ရန် အလေးပေးပြောကြားခဲ့ကြောင်း။
မကြာသေးမီက တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် ပုဂ္ဂလိကနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် ပိုမိုလုပ်သာကိုင်သာရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ဖန်တီးပေးနိုင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးဆောင်ရွက်မည့်ကဏ္ဍများ သတ်မှတ်ခြင်းကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် ကမ္ဘာနှင့်ဒေသတွင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသဖြင့် အရည်အသွေး ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အားထုတ်ဆောင်ရွက်မှုများသည် ကမ္ဘာ့ကပ်ရောဂါ၏သက်ရောက်မှုများမှ အပြည့်အဝပြန်လည်နာလန်ထူလာနိုင်ရန် ကြီးမားသော တွန်းအားများကို ဖြစ်စေပါကြောင်း။
အရည်အသွေးပြည့်ဝမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
အရည်အသွေးပိုင်းဆိုင်ရာညီလာခံများကို မတူညီသောဆောင်ပုဒ် (Theme) များဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ မတူညီသောဒေသများတွင် (၄) ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်သော်လည်း တူညီသောရည်မှန်းချက်မှာ အရည်အသွေးပိုင်းဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် လုပ်ငန်းစဉ်တိုင်းတွင် စွမ်းဆောင်ရည်တိုးတက်လာစေရန် အားလုံးပါဝင်သည့် စီမံခန့် ခွဲမှု (Total Quality Management) ကို လိုက်နာဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ယခုကျင်းပ သည့် (၅) ကြိမ်မြောက် အရည်အသွေးပိုင်းဆိုင်ရာ ညီလာခံတွင်လည်း မိမိတို့အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာအရည်အသွေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် သတင်း အချက်အလက်များဖလှယ်ရန် အခွင့်အလမ်းများရရှိမှာ အသေအချာဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံများသည် စီးပွားရေးရိုက်ခတ်မှုများအား ခံနိုင်ရည်ရှိမှုနှင့် စီးပွားရေးတိုးတက် မှုအားကောင်းလာစေရန် အလွန်လိုအပ်လျက်ရှိသည့်အတွက် ညီလာခံ၏ခေါင်းစဉ်ဖြစ်သော “အရည်အသွေးဆိုင်ရာ ပြောင်းလဲတိုးတက်ခြင်းနှင့် စီးပွားရေးပြန်လည်ကောင်းမွန်စေရန် ပူးပေါင်းဆောင်ရွက်ခြင်း” သည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအလွန် လက်ရှိအခြေအနေ နှင့် များစွာဆက်စပ်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့ကပ်ရောဂါ၏သက်ရောက် မှုကြောင့် စီးပွားရေးအခြေအနေထိခိုက်မှုအား ပြန်လည်ကောင်းမွန်လာစေရန် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရန် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် တဖြည်းဖြည်းတိုးတက်လျက် ရှိပြီး အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းမှာရှိသည့်အားကို ရယူလျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အရည်အသွေးဆိုင်ရာစီမံခန့်ခွဲမှုကို ပိုမိုအားကောင်းလာစေရန်နှင့် စွမ်းဆောင်ရည်ပြည့်ဝ ၍ထိရောက်မှုရှိစေရန်အတွက် ဘဏ္ဍာရေးဆိုင်ရာဆန်းသစ်တီထွင်မှုသည်လည်း အဓိကကျသည့် အရာတစ်ခုဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် ဘဏ္ဍာရေးဆိုင်ရာ ဒီဂျစ်တယ်စနစ်၊ ရေရှည်တည် တံ့သည့် အစိမ်းရောင်ဘဏ္ဍာရေးနှင့် အရည်အသွေးမြင့်မားသည့်ဖွံ့ဖြိုးမှုကဏ္ဍများတွင် သိသာစွာ တိုးတက်လျက်ရှိပါကြောင်း။
အစိမ်းရောင် စီးပွားရေးနှင့် အရည်အသွေးပြည့်ဝသည့် ကုန်ပစ္စည်းများနှင့် 
အခြေခံအဆောက်အဦ
မြန်မာနိုင်ငံသည်လည်း ဘဏ္ဍာရေးဆိုင်ရာဒီဂျစ်တယ်စနစ်ကို အရှိန်မြှင့်တင်ခြင်းနှင့် အစိမ်းရောင်စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် လျှပ်စစ်ကားနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းတွင် အခွန်အခများ လျှော့ချ ခြင်းပါဝင်သည့် သက်သာခွင့်ပေးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ 
ကာလတိုမူဝါဒအနေဖြင့် ၂၀၂၅ ခုနှစ်အထိ ပြည်ပမှ လျှပ်စစ်ကားတင်သွင်းမှုကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပိုမိုလေး နက်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးခြင်း တို့ကို ဆောင်ရွက်လာနိုင်ရန် မျှော်လင့်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးပြည့်ဝသည့် ကုန်ပစ္စည်းများနှင့် အရည်အသွေးဆိုင် ရာအခြေခံအဆောက်အဦများ၏အရေးပါမှုကို လက်ခံအသိမှတ်ပြုလျက် ရှိပါကြောင်း၊ မြန်မာ နိုင်ငံသည် လက်ရှိတွင် ပြည်ပတွင်ထုတ်လုပ်သည့်ကုန်ပစ္စည်းများ မှတ်ပုံတင်ခြင်းအား ထိန်းချုပ် စစ်ဆေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကောက်ခွန်နှင့် ပို့ကုန်သွင်းကုန် အထွေ ထွေစီမံခန့်ခွဲမှုအဖွဲ့ (General Administration of Customs China – GACC) နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ GACC မှ လည်း တရုတ်နိုင်ငံဈေးကွက်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းများ လွယ်ကူချောမွေ့စေရေးကို ကူညီပံ့ပိုးရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ အရည်အသွေးဆိုင်ရာ အာမခံချက်နှင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့်အစီအစဉ်ကို လိုက်ပါ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ  ၂၀၁၂ (Myanmar National Building Code 2012) ကို ရေးဆွဲခဲ့ပြီး အဆောက်အအုံများ၏ အဆင့် အတန်း၊ မြို့ပြစီမံကိန်းရေးဆွဲမှု၊ စွမ်းအင်အားအကျိုးရှိစွာ သုံးစွဲနိုင်ရန်နှင့် ပတ်ဝန်းကျင်နှင့် ဆီလျော်သည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်နိုင်ရန်အတွက်  ၂၀၁၆ ခုနှစ်တွင် ပြန် လည်ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါကြောင်း။
အတွေ့အကြုံကောင်းများကို ဖလှယ်နိုင်ကြမည်
ယခု (၂) ရက်တာကျင်းပသည့်ညီလာခံတွင် ဆွေးနွေးမှုများမှ နိုင်ငံအချင်းချင်း စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်လာနိုင်မည်ဖြစ်ပြီး၊ မူလ မျှော်မှန်းထားသည် ထက်ကျော်လွန်၍ နက်ရှိုင်းသည့်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဖိုရမ်ငယ်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက အရည်အသွေး ပိုင်းဆိုင်ရာထိန်းချုပ်မှု စီမံခန့်ခွဲရေးနှင့်စပ်လျဉ်း၍ အမြင်များဖလှယ်နိုင်ကြမည်ဖြစ်ပြီး မူဝါဒ များအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အတွေ့အကြုံကောင်းများကို ရရှိစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
စုစုပေါင်း (၈၀၀ ) ကျော် ပါဝင်တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Zhang Guoqing ၊ တရုတ်နိုင်ငံ၏ဈေးကွက်ထိန်းချုပ်စောင့်ကြည့်ရေး စီမံအုပ်ချုပ်ရေးဌာနဝန်ကြီး Mr. Luo Wen ၊ စီချွမ်ပြည်နယ်ပါတီ အတွင်းရေးမှူး Mr. Wan Xiaohhi ၊ စီချွမ်ပြည်နယ်အုပ်ချုပ်ရေး 
မှူး Mr. Huang Qiang ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နိုင်ငံတကာစံနှုန်းသတ်မှတ်ရေးအဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၈၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားပြီးနောက် အဓိကဖိုရမ်၊ ခေါင်းစဉ် (၈) ခု ဖြင့် ဖိုရမ်ငယ်များ၊ အမျိုးသားနည်းပညာဆိုင်ရာအဖွဲ့အစည်းများနှင့် စီချွမ်စီးပွားရေးလုပ်ငန်းများ အကြား အစည်းအဝေး (Matchmaking Meeting) များကို ဆက်လက်ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။ 
သတင်းစဉ်

AttachmentSize
PDF icon MOPF News (Sept. 1, 2023).pdf390.85 KB