ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (26th St. Petersburg International Economic Forum – SPIEF’23) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ခြင်း

နေပြည်တော် ၊ ဇွန် ၁၇

    ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၆) ကြိမ်မြောက် စိန့်ပီတာ စဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (26th St. Petersburg International Economic Forum) သို့ တက်ရောက်လျက်ရှိသည်။
ဖိုရမ်၏ တတိယနေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆  ရက် (၁၀:၂၀) နာရီတွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားပတ်ဝန်းကျင်ဆိုင်ရာဌာန၏ အထွေထွေညွှန်ကြားရေးမှူး မစ္စတာ ဒန်းနစ်ဘတ်စေးအိဗ်နှင့်အဖွဲ့အားတွေ့ဆုံခဲ့ပြီး၊နှစ်နိုင်ငံအကြား လူ့ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ကို ထိခိုက်စေသောသက်ရောက်မှုများကို တားဆီးရန်၊ စွမ်းအင်ထုတ်လုပ်ရန်အတွက် စွန့်ပစ်ပစ္စည်း များကို ပြန်လည်အသုံးပြုနိုင်ရန်၊ မြူနီစပယ်စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုစနစ်ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် မြန်မာနိုင်ငံရှိ စွန့်ပစ်ပစ္စည်းများအား အမျိုးအစားခွဲခြားခြင်းဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
  နံနက် (၁၁:၀၀) နာရီတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဋ္ဌ မစ္စတာ အိုင်ဗီယန် ဗီတိုရိုဗစ်ရှ် ပိုလီရာကော့ဗ်နှင့် တွေ့ဆုံခဲ့ပြီး၊ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။ 
  မွန်းလွဲ (၁၄:၀၀) နာရီတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၆)ကြိမ်မြောက်စိန့်ပီတာ စဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမီယာပူတင်နှင့် အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတ အက်ဘ်ဒယ်လ်မက်ဂျစ်ဒ် တက်ဘ်ဘုန်းတို့  တက်ရောက်အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ရုရှားနိုင်ငံနှင့် ကမ္ဘာ့မျက်မှောက်ရေးရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။ ဖိုရမ်သို့ နိုင်ငံပေါင်း (၁၃၀) မှ ဧည့်သည်တော် ပေါင်း (၁၇၀၀၀) ကျော် တက်ရောက်ခဲ့သည်။ 
  စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုများကို အဓိကထားဆွေးနွေးသည့် အစီအစဉ်တစ်ခုဖြစ်ကာ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေ့အကျင့်ကောင်းများနှင့် ကျွမ်းကျင်မှုများကို ဖလှယ်ရန်နှင့် ရုရှားဖက်ဒေရေးရှင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား လက်တွေ့ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တွေ့ကြုံရသည့်အခက်အခဲများနှင့်စိန်ခေါ်မှုများကို အမြင်ချင်းဖလှယ်ခြင်းဖြင့် အပြန် အလှန်အကျိုးကျေးဇူးရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ 
  (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ် (၂၄) ဦး ပါဝင်တက်ရောက်ခဲ့ပြီး သက်ဆိုင် ရာကဏ္ဍအလိုက် စီးပွားရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်
 

AttachmentSize
PDF icon MOPF News (June 17, 2023).pdf583.84 KB
,