စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

ရန်ကုန်၊ ဇွန် ၃

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ရာ အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

ကော်မရှင်ဥက္ကဌ၊ ဒုတိယဝန်ကြီးက မိမိတို့ကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်းဥပဒေများအရ ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ရန်ကုန် စတော့အိပ်ချိန်းတည်ထောင်ဖွင့်လှစ်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများအား လိုင်စင် ခွင့်ပြုခြင်း၊ စံသတ်မှတ်ချက်နှင့်ကိုက်ညီသည့် အများပိုင်ကုမ္ပဏီများအား ရန်ကုန်စတော့အိပ် ချိန်းတွင် စာရင်းဝင်ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး အရင်းအနှီးဈေးကွက်ကို စတင်ခဲ့ရာ ယခုအခါ (၈) နှစ်ကျော်ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊
 
ကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစု ရှယ်ယာဈေးကွက်သာမက ငွေချေးစာချုပ်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးပေးဆောင်ရွက် လျက်ရှိရာ ငွေချေးစာချုပ်ဆင့်ပွားဈေးကွက် (Secondary Bond Market) တွင် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများက အစိုးရငွေတိုက်စာချုပ် (Government Bond) နှင့် အစိုးရ ငွေတိုက်လက်မှတ် (Government Bill) များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေတိုက်ဦးစီး ဌာနတို့ကပြုလုပ်သော ပထမဈေးကွက် (Primary Market Option) တွင် လေလံဆွဲဝယ်ယူပြီး၊ တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများ (Individual Investors) နှင့် အဖွဲ့အစည်းအလိုက်ရင်းနှီးမြှုပ်နှံ သူများ (Institutional Investors) ကို ဝယ်ယူရောင်းချနိုင်သည့် ဒုတိယဈေးကွက် (Secondary Market) ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း၊   

အရင်းအနှီးဈေးကွက်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင် အားတစ်ခုဖြစ်ပြီး အရင်းအနှီးလိုအပ်သည့် စီးပွားရေးလုပ်ငန်းကြီးများနှင့်ရင်းနှီးမြှုပ်နှံသူများ အကြား ပေါင်းကူးဆက်သွယ်ပေးခြင်းဖြစ်ကြောင်း၊ အရင်းအနှီးဈေးကွက်ကို ကောင်းစွာအသုံးချ နိုင်ပါက စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန် လိုအပ်သည့်အရင်းအနှီးများကို အရင်းအနှီးဈေးကွက် မှ ရယူနိုင်သကဲ့သို့ ပြည်သူလူထုအနေဖြင့် မိမိတို့၏စုဆောင်းငွေများကို အရင်းအနှီးဈေးကွက် တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ 

ထို့ပြင် ရင်းနှီးမြှုပ်နှံသူများ တိုးပွားလာစေရန် ပြည်သူလူထုအတွင်း ဈေးကွက်ဆိုင်ရာ အသိအမြင်၊ ဗဟုသုတ၊ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေးမှာ အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်၍ ကော်မရှင်အနေဖြင့် ဈေးကွက်ဆိုင်ရာအသိအမြင်ပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ကော်မရှင်သည် ဥပဒေ၊ နည်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဈေးကွက်ကို နေ့စဉ်စောင့်ကြည့်ပြီး ကြပ်မတ်ကွပ်ကဲ လျက်ရှိသည့်အပြင်  ရင်းနှီးမြှုပ်နှံသူများကိုလည်း ဥပဒေနှင့်အညီ အကာအကွယ်ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားသည်။

အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အတွင်း ရေးမှူးနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းနှင့် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ (၇) ခု၏ ရှယ်ယာများကို နေ့စဉ်ရောင်းဝယ် လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ(၄၅,၂၈၄)ဦးရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင်ကုမ္ပဏီ (၇) ခု၏ ရှယ်ယာစုစုပေါင်း (၁.၇၅) သန်း၊ တန်ဖိုး ကျပ် (၇.၅) ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ကာ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ် ၆၄၃.၄၇ ဘီလီယံရှိကြောင်း သိရသည်။
သတင်းစဉ်