စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တနင်္သာရီတိုင်း ဒေသကြီး၌ စီမံကိန်းရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကွင်းဆင်းမှာကြား

နေပြည်တော်၊ မေ ၄
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် သက်ဆိုင်ရာ ဌာနအကြီးအကဲများ လိုက်ပါလျက် ၃-၅-၂၀၂၃ ရက်၊ ၉:၃၀ နာရီတွင် တနင်္သာရီတိုင်း မြိတ်ခရိုင်နှင့် မြိတ်မြို့၌  တာဝန်ထမ်းဆောင်နေကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာ တွင်  ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း လျာထားချက်များအပေါ် ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးမှ ကြိုးပမ်းဆောင်ရွက်ကြရန်၊ စီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စာရင်းဇယားမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ ကောက်ခံရရှိရန်နှင့် ချေးငွေများကို အတတ်နိုင်ဆုံး ပြန်လည် ကောက်ခံရရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေသုံးစွဲမှုများ စနစ်တကျ ဖြစ်စေရန် နှင့် စီမံကိန်းလုပ်ငန်း ဆောင်ရွက် နေမှုများကို မြေပြင် ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး မွန်းလွဲပိုင်း၌ မြို့နယ်နှင့်ခရိုင်အတွင်းရှိ ရုံးများသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဒုတိယဝန်ကြီးသည် ၁-၅-၂၀၂၃ ရက်နေ့နှင့် ၂-၅-၂၀၂၃  ရက်နေ့တို့ တွင်လည်း ထားဝယ်မြို့၌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ဌာန/ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ရုံးများ ဥပဓိရုပ် ကောင်းမွန်စေရေး၊ ဝန်ထမ်းများ၏ လိုအပ်ချက်များ၊ သက်သာချောင်ချိရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

,