SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် ဘဏ်များနှင့်တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တို့တွင် ဂျပန်နိုင်ငံမှ ရရှိခဲ့သော SME Two Step Loan များကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါစီမံကိန်းတွင် ပါဝင်သောဘဏ်များနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအား (၂၀-၄-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် ဆွေးနွေးမှာကြား သည်။

ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် စီမံကိန်းအဆင့်-၁ တွင် ဘဏ် (၆) ဘဏ်မှ တစ်ဆင့် ၂၀၂၃ ခုနှစ်၊ မတ်လကုန်အထိ SME လုပ်ငန်းရှင် (၅၅၃) ဦးသို့ ချေးငွေကျပ် (၁၂၄.၇၇၈) ဘီလီယံထုတ် ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်းအဆင့်-၂ တွင် ဘဏ် (၁၁) ဘဏ်မှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ မတ်လကုန်အထိ SME လုပ်ငန်းရှင် (၁၅၉၅) ဦးသို့ ချေးငွေကျပ် (၂၇၅.၀၁၁) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၄) ရပ်အနက် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသော ဦးတည်ချက်နှင့်အညီ ဆောင်ရွက်ဖော်ဆောင်ပေးနေခြင်းဖြစ်ကြောင်း၊

ဤစီမံကိန်းသည် နိုင်ငံတော်အတွက် SME လုပ်ငန်းများအတွက်သာမက ပါဝင်ဆောင်ရွက် ပေးသည့်ဘဏ်များအတွက်လည်း အကျိုးကျေးဇူးရရှိစေသည့် စီမံကိန်းဖြစ်ကြောင်း၊ ချေးငွေများကို နေရာဒေသနှင့်လုပ်ငန်းအမျိုးအစားစုံလင်အောင် ထုတ်ချေးရန်နှင့် ချေးငွေဆုံးရှုံးမှုမရှိစေရေး ဂရုပြု ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊

အစည်းအဝေးသို့ တက်ရောက်လာကြသော ဘဏ်များမှ တာဝန်ရှိသူများအနေဖြင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရန်နှင့် လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများရှိက ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းဒါရိုက်တာနှင့် တက်ရောက်ကြသည့် ဘဏ်များမှ တာဝန်ရှိသူများက စီမံကိန်းအဆင့်-၁ နှင့် အဆင့်-၂ တို့၏ Revolving Fund A/C များရှိ လက်ကျန်ငွေရပ်များအား ဆက်လက်ထုတ်ချေးမည့် အခြေအနေနှင့် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်