စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း   ဦးဆောင်ကော်မတီ၏ (၂၄) ကြိမ် မြောက် အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးကဆွေးနွေးပြောကြားရာတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှစ၍ အတိုးနှုန်းသက်သာသည့် ချေးငွေအဖြစ် တောင်သူ တစ်ဦးချင်း ကျပ်သိန်း (၇၀၀) ထိ နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေး ပေးသည့်စီမံကိန်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး/ ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၁၈၇) ခုမှ တောင်သူ (၅၅၉၂) ဦးသို့ ထွန်စက်ကြီး (၂၆၇၇) စီး၊ ရိတ်သိမ်း ခြွေလှေ့စက် (၂၆၆၅) စီး၊ ထော်လာဂျီ (၂၁၅) စီး၊ လက်တွန်းထွန်စက်(၂၈) စီး၊ ဆန်စက် (၂) လုံး၊  ကောက်စိုက်စက် (၂) စီး၊ အခြောက်ခံစက် (၃) လုံးတို့အတွက် ချေးငွေကျပ် (၂၃၀.၉၄၇) ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍  ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ် များကို စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုသည့် စီမံကိန်းဖြစ်၍ မိမိတို့စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲ အဆင့်ဆင့်တို့က တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့်  Evaluation & Monitoring ကို စဉ်ဆက်မပြတ် ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန် ရှိသူများက  Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ထုတ်ချေးမည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ဦးဆောင်ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြ ပါသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ   စုံညီစွာတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်