ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၆

အစိုးရဌာနများနှင့်အဖွဲ့အစည်းများအတွင်း ခိုင်မာသည့်ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ကို ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစွမ်းရည်များကို မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း ကျောင်း စီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များ၊ ဌာနအကြီးအကဲများနှင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးတို့မှ သင်တန်းသား / သင်တန်းသူ အရာထမ်း (၄၀) ဦး  တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် တို့က အမှာစကားများ ပြောကြား ကြသည်။
သင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသိကောင်းစရာများ၊ မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ပြုပြင်ပြောင်းလဲရေး၊ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့်ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည်များစာရင်း လျာထားဆောင်ရွက်ခြင်းနှင့်စာရင်းပြုစုခြင်း၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှုနှင့် အရအသုံးခန့်မှန်းခြေရေးဆွဲ တင်ပြရာတွင် လိုက်နာရမည့်အချက်များ၊ ပြည်ပချေးငွေနှင့် ပြည်ပအကူအညီရယူခြင်း၊ နိုင်ငံခြား ငွေသုံးစွဲခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များ၊ စီမံကိန်းစိစစ်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ် ခြင်း၊ ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးသတင်းအချက်အလက်များ၊ စာရင်းပေါင်းချုပ်ပြုစုရေးနှင့် အစီရင်ခံခြင်း၊ ဘဏ္ဍာရေးစာရင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ် ကြာမြင့်မည် ဖြစ်ပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အခြေခံသင်တန်း (၄) ခု၊ အထူးကာလတို သင်တန်းများ (၄၇) ခုကို ဖွင့်လှစ်နိုင်ခဲ့ကာ ဘာသာရပ် ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများကို လည်း စဉ်ဆက်မပြတ် ကျင်းပပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်