ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

, , ,

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

          စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည်  ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊  စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ  တာဝန် ရှိသူများ လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယင်းမာပင်ခရိုင်၊ ပုလဲ မြို့နယ်၊ လက်တောင်းကြီးရွာရှိ တောင်သူ (၄၆) ဦး စုပေါင်း လုပ်ကိုင်လျက်ရှိသော လယ်ယာမြေ ဧက (၁၀၀) စံပြကွက်သို့ သွားရောက်၍  တောင်သူလယ်သမားများနှင့် တွေ့ဆုံပြီး စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှုနှင့်  စိုက်ပျိုးရေးလုပ်ငန်းသုံး စက် ကိရိယာပစ္စည်းများ ပံ့ပိုးပေးမည့် အစီအစဉ်များအား တွေ့ဆုံညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

          ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့်အတူ  မုံရွာမြို့မှ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ရယူ၍ လုပ်ငန်းများ ဆောင်ရွက်နေသည့် Thein Min Industry Group Ltd., သို့ သွားရောက်၍ ကုမ္ပဏီ၏မှ တာဝန် ရှိသူများအား တွေ့ဆုံကာ ကုမ္ပဏီ၏လက်ရှိ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေ များ၊ ကုမ္ပဏီမြေနေရာများ၊ အဆောက်အဦများနှင့် ကုန်လှောင်ရုံများ၊ ကုမ္ပဏီနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ စက်မှုဇုန်နှင့် မွေးမြူရေးဇုန်မှ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် ကဏ္ဍအလိုက် လုပ်ငန်း ဆောင် ရွက်လျက်ရှိသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(SEEs)၊ မွေးမြူ ရေးလုပ်ငန်းများ၊ အဓိက ထွက်ကုန်များဖြစ်သည့် ပဲနှင့် ဆန်စပါးစိုက်ပျိုးမှု အခြေအနေ တို့အား တင်ပြကြပါသည်။

          ပြည်ထောင်စုဝန်ကြီးမှ  ပြန်လည်ရှင်းလင်းရာတွင် ယခုလို လာရောက် တွေ့ဆုံ ရခြင်းမှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ပြန်လည်မြှင့်တင် ပေးရန်အတွက် ချေးငွေ ပံ့ပိုးပေးရန်နှင့် စိုက်ပျိုး/မွေးမြူရေး ကဏ္ဍများတွင်လည်း ချေးငွေများ ပံ့ပိုးပေးရန်အတွက် လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုး/မွေးမြူရေးကဏ္ဍနှင့်  SME ကဏ္ဍများအား အဓိကထား ပံ့ပိုးပေးသွားရန် ရည်ရွယ်ပါကြောင်း၊  ပြည်ပပို့ကုန် တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုး လုပ်ငန်းများ အား ပံ့ပိုးကူညီပေးလိုပါကြောင်း၊ မွေးမြူရေးကဏ္ဍကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမား လုပ်ကိုင်စေလိုပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်သည့် စိုက်ပျိုးရေးသုံး စက်ကိရိယာပစ္စည်းများအားလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ SME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၏ ‌ထောက်ခံ ချက်ဖြင့် မြန်မာ့စီးပွားရေးဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သွားရန်နှင့်  စိုက်ပျိုး/ မွေးမြူရေးကဏ္ဍများအတွက်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၏ ထောက်ခံ ချက်ဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်၍ ချေးငွေများရယူ၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မုံရွာမြို့ မိရိုးဖလာနည်းသုံး နို့စားနွားမွေးမြူရေးခြံများအား သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။