ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ မွေးဖွားမှုမှတ်ပုံတင်ခြင်းရက်သတ္တပတ်လှုပ်ရှားမှုကို (၄-၆-၂၀၁၈) မှ (၈-၆-၂၀၁၈) ရက်နေ့ထိ ကျင်းပခြင်း အခမ်းအနား

,

နေပြည်တော် ဇွန်လ ၄ ရက် ၂၀၁၈ ခုနှစ်

မြန်မာနိုင်ငံ၏ မွေးဖွားမှုမှတ်ပုံတင်ခြင်းစနစ် ရာနှုန်းပြည့် လွှမ်းခြုံမှုရရှိစေရေးနှင့် မွေးဖွားလာသည့် ဆယ်နှစ်အောက်ကလေးတိုင်း မွေးလက်မှတ်ရရှိစေရန်ရည်ရွယ်၍ မွေးဖွားမှု  မှတ်ပုံတင်ခြင်းရက်သတ္တပတ် (၄-၆-၂၀၁၈) မှ (၈-၆-၂၀၁၈) လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဇွန်လ( ၄ )ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး နေပြည် တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို႔ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်၊ UNICEF မှ ဌာနကိုယ်စားလှယ် Ms June Kunugi နှင့် နေပြည်တော်တိုင်းဒေသကြီးမှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၁၀၀) ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် မွေးမှတ်ပုံမတင်ရသေးသော အသက် (၁၀) နှစ်အောက် ကလေးများအား မှတ်ပုံတင်ပေးပြီး မွေးလက်မှတ်ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ နေပြည်တော်တိုင်းဒေသကြီး ပြည်ထောင်စုနယ်မြေ (၈) မြို့နယ်တွင် ကလေးများ ကျောင်းစတင်အပ်နှံသည့်အချိန်နှင့် တိုက်ဆိုင်ပြီး မွေးဖွားမှု ရက်သတ္တပတ်လှုပ်ရှားမှုကို ဌာနအသီးသီးနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးတွင် မွေးမှတ်ပုံမတင် ရသေးသော ကလေးပေါင်း ( ၃၀၀၀၀၀ ) ကျော်အား မှတ်ပုံတင်ပေးနိုင်ခဲ့ပါကြောင်း၊ မွေးဖွားလာသော          ကလေးတိုင်း  မွေးမှတ်ပုံတင်ရမည်  ဖြစ်ပါကြောင်း၊ မွေးလက်မှတ်သည် ကလေးတစ်ဦးအတွက်  အလွန်အရေးကြီးပါကြောင်း၊          ပြည်ထောင်စုနယ်မြေတွင် မွေးဖွားမှု မှတ်ပုံတင်ခြင်း ရက်သတ္တပတ်ကို (၄) ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

UNICEF မှ Ms June Kungi က ၂၀၁၄နှင့် ၂၀၁၅ခုနှစ်များတွင် တိုင်းဒေသကြီး ပြည်နယ် ( ၆ ) ခုတွင် မွေးဖွားမှုရက်သတ္တပတ် လှုပ်ရှားမှုများကို ကူညီခဲ့ပြီး ငါးနှစ်အောက် ကလေး ( ၃ ) သိန်းကျော်ကို မွေးဖွားမှုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း ဆောင်ရွက်ရန်ရှိပါကြောင်း ပူးပေါင်း ပါဝင်ကူညီကြသော ဌာနဆိုင်ရာများအားလုံးကို   ကျေးဇူးတင်ရှိပါကြောင်း နှင့် UNICEF မှ မွေးဖွားမှု ရက်သတ္တပတ်လှုပ်ရှားမှုများကို ဆက်လက်ကူညီသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ ပြောကြားရာတွင် မွေးဖွားမှုမှတ်ပုံတင်ခြင်း၏ အရေးပါမှုကို မိသားစုဝင်အများစုက မသိရှိကြသေးကြောင်း၊ မွေးဖွားမှု မှတ်ပုံတင်ခြင်းဖြင့် တစ်နှစ်အတွင်း လူဦးရေတိုးနှုန်းကို တွက်ချက်နိုင်ပါကြောင်း၊ သေဆုံးမှု မှတ်ပုံတင်ခြင်းဖြင့် တစ်နှစ်အောက်ကလေးသေနှုန်း၊ ငါးနှစ်အောက်ကလေး သေနှုန်း၊ သားဖွားမိခင်သေနှုန်းများအား တွက်ချက်နိုင်ပါကြောင်း၊ ၎င်းညွှန်ကိန်းများကို သိရှိ ခြင်းအားဖြင့် ဒေသတစ်ခုအတွက် လိုအပ်သည့် ကျန်းမာရေးမူဝါဒများ ချမှတ်နိုင်ပါကြောင်း၊ ကလေးများအတွက် မွေးဖွားမှုရက်သတ္တပတ်လှုပ်ရှားမှုကို ကျောင်းအပ်ရာသီတွင် ဆောင်ရွက် ခြင်းဖြင့် မွေးလက်မှတ်မရရှိသေးသော ကျောင်းနေအရွယ်ကလေးများ မွေးလက်မှတ် လွယ်ကူ စွာ ရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည်  CRVS ( Civil   Registration       and Vital Statistics) စနစ်ဆောင်ရွက်ရန်၊ အဓိကဆောင်ရွက်ရမည့်ဌာန (Focal Department) သက်မှတ်ထားခြင်း မရှိသေးပါကြောင်း၊ ပြည်သူ့ရေးရာ မှတ်ပုံတင်အရာရှိ (Civil Register General) လည်း မရှိသေးပါကြောင်း၊ ထိုကဲ့သို့ မရှိသော်ငြားလည်း CRVS (Civil Registration and Vital Statistics) စနစ်အား အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးအဖြစ် ဆောင်ရွက် နေပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှလည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့မှ စာရင်းအင်းညွှန်ကိန်းများ တွက်ထုတ်၍ နှစ်စဉ် ထုတ်ပြန်လျက်ရှိပါကြောင်း၊ မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်း ဆိုင်ရာ လက်စွဲစာအုပ်ကိုလည်း မွမ်းမံပြင်ဆင်ပြီး ထုတ်ဝေခဲ့ပါကြောင်း၊ မြို့နယ်အဆင့်တွင် အသက် (၁၀) နှစ်အောက်ကလေးများအား မြို့နယ်ဆရာဝန်များမှ  မွေးလက်မှတ်ထုတ်ပေး နိုင်ရန် ဖြေလျှော့ခဲ့ပါကြောင်း၊ စာရင်းအင်းမှန်ကန်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ (၄.၆.၂၀၁၈ မှ ၈.၆.၂၀၁၈) အထိ Training of Trainer သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် E-Platform စနစ်ဖြင့် စာရင်းရေးသွင်း ဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့နှင့် UNICEF မှ ဌာနေကိုယ်စားလှယ်များသည် ညောင်ပင်သာကျေးရွာနှင့် ပြည်စံအောင်ရပ်ကွက်များတွင် မွေးဖွားမှုရက်သတ္တပတ် ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။