နေပြည်တော် မြန်မာ့အာမခံလုပ်ငန်းမှ အာမခံအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပခြင်း

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြန်မာ့အာမခံလုပ်ငန်းမှ ရုံးချုပ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ တောင်သူလယ်သမားအသက်အာမခံ နှင့် မြွေအန္တရာယ်အသက်အာမခံ လုပ်ငန်းစီမံချက် (၂) မျိုးကို အဓိကထား၍ အာမခံလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲများကို နေပြည်တော်ကောင်စီ၏ ပံ့ပိုးကူညီမှုဖြင့် ၄-၁၁-၂၀၁၇ နှင့် ၅-၁၁-၂၀၁၇ နေ့များတွင် ကျင်းပရာ နေပြည်တော်ပျဉ်းမနားရှိ ဆင်သေ၊ နတ်သူရဲ၊ ဇီးဖြူပင်၊ နှမ်းတော၊ ပေါစံခေါကျေးရွာ (၅) ရွာခန့်ရှိ ပြည်သူလူထုထံသို့ တောင်သူလယ်သမားများနှင့် မိသားစုဝင်များ အသက်အာမခံ နှင့် မြွေအန္တရာယ်အသက်အာမခံလုပ်ငန်းများကြောင်း ပြည့်စုံစွာရှင်းလင်း ပြောကြားပြီး အသက်အာမခံလုပ်ငန်းအပေါ် ယုံကြည်မှု အပြည့်အဝရှိလာစေရန် ရည်ရွယ်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။

          ဆက်လက်၍ စပ်တပ်ယာဉ်နှင့်ပတ်သက်၍ အာမခံလုပ်ငန်းများ၊ အလုံးစုံအာမခံ ထားရှိ ခြင်း၊ အဆောက်အအုံနှင့်ပစ္စည်းများ၊ သီးနှံများ၊ မီးနှင့်သဘာဝအန္တရာယ်ဘေးအန္တရာယ်အာမခံ၊ ခရီးသွားလာခြင်း၊ ဘုရားဖူးသွားခြင်း စသည်တို့အတွက် ထားရှိနိုင်သည့် အမျိုးအစားများကို ပြည်သူလူထုမှ အလွယ်တကူ သိရှိနားလည်စေမည့် အကြောင်းအရာများနှင့်တကွ ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

          ဆွေးနွေးဟောပြောရာတွင် နယ်မြေအနေအထားအရ တစ်ရွာခြင်းဆီသို့ သွားရောက် ဟောပြောခြင်းဖြစ်ပြီး တစ်ရွာလျှင် အနည်းဆုံး (၅၀) နှင့် (၇၀) ဦးခန့် တက်ရောက်ပြီး စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသူများမှ တောင်သူ လယ်သမားအသက်အာမခံအတွက် မေးမြန်းခြင်း၊ အာမခံထားခြင်း၊ အလုံးစုံမော်တော်ယာဉ် နှင့် မီး၊သဘာဝဘေးအာမခံ စသည်တို့ကို မေးမြန်းခြင်း၊ မြန်မာ့အလင်းသတင်းထောက်နှင့် ဂျာနယ် (၂) ခုမှ သတင်းထောက်များ တက်ရောက်ခြင်း၊ သိရှိလိုသည်များကို မေးမြန်းခြင်းများ ပြုလုပ် ရာ မြန်မာ့အာမခံလုပ်ငန်းမှ ​တောင်သူလယ်သမားအသက်အာမခံ ထားသူများကို လက်ခံ ဆောင်ရွက်ခြင်း၊ ဆက်လက်ထားရှိသူများကို လိုအပ်သည့်အချက်အလက်များ ရှင်းလင်း ပြောကြားခြင်း၊ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

          နေပြည်တော်မြန်မာ့အာမခံလုပ်ငန်းမှ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအထိ တောင်သူ လယ်သမားအသက်အာမခံ (၂၇၁) ဦး၊ မြွေအန္တရာယ်အသက်အာမခံ (၁၀၇၄) ဦး ရောင်းချခဲ့ပြီး ဖြစ်၍ ယခုဟောပြောပွဲတွင် တောင်သူ (၂၀) ဦးခန့် ပေါ်လစီများ ဝယ်ယူခဲ့ပြီး ဆက်လက် ထားရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထားရှိသွားမည်ဖြစ်ကြောင်းနှင့် ဟောပြောပွဲသတင်းအား မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းပါရှိမည်ဖြစ်ပါသည်။