သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးပေးအပ်ပွဲအခမ်းအနားနှင့် အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာများ ရှင်းလင်းပွဲ

ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ၁၀.၁၀ ၂၀၁၇ ရက်နေ့တွင် ထွက်ခွာလာသော မော်တော်ယာဉ်အမှတ်၊ ၈ည-၁၉၈၅ သည် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ အနီးအရောက် အတက်ကားကို ဦးစားပေး၍ လမ်းဘေးချ၍ ယာဉ်ရပ်ထားစဉ် လမ်းဘေးမြေသားအိကျ၍ လမ်းဘေးချောက်ခဲသို့ထိုးကျ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ပါသည်။ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည်များ အနက် ခရီးသည် (၅)ဦးသေဆုံးခဲ့ပြီး၊ (၁၃) ဦး ဒဏ်ရာရရှိခဲ့ခြင်းအတွက် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးပေးချေခြင်း လျော်ကြေးပေးအပ်ပွဲ အခမ်းအနားအား ၆.၁၁.၂၀၁၇ နေ့ (၀၉:၀၀) နာရီတွင် ကလေးမြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးမှ အကျိုးခံစားခွင့်ရှိသူများသို့ ပေးအပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကလေးမြို့ အခြေစိုက် မော်တော်ယာဉ်လိုင်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် အကျိုးခံစားခွင့်ရှိသူများ တက်ရောက်ကြပါသည်။

ယနေ့ပြုလုပ်သော အခမ်းအနားတွင် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေး တစ်ဦးလျှင် ကျပ် (၁၀)သိန်းနှုန်းဖြင့် (၅)ဦးအတွက် ကျပ်သိန်း (၅၀) ၊ ဒဏ်ရာရသူ (၁၂)ဦး အတွက် ကျပ် ၂၂ သိန်း၊ စုစုပေါင်း ကျပ် ၇၂ သိန်း ပေးအပ်ခြင်းဖြစ်ပြီး ကျန်တစ်ဦး (ဆေးရုံမဆင်းသေးသူအတွက်) ဆေးရုံမှဆင်းသည့်အခါ ဆေးရုံဆရာဝန်ကြီး၏ ထောက်ခံချက်အရ လျော်ကြေးငွေ ဆက်လက်ပေးချေသွားမည် ဖြစ်ပါသည်။ ထို့အပြင် ၁၂.၇.၂၀၁၇ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်အနီးတွင် မောင်းနှင် လာသော ယာဉ်အမှတ် ၂က/၃၇၄၈ ချောက်ထဲသို့ပြုတ်ကျ၍ သေဆုံးသူ (၁)ဦးအတွက် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးကျပ် ၁၀ သိန်းနှင့် ၂၁.၈.၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည် ရပ်ကွက် “ထူး”ဆီဆိုင်ဝန်း အတွင်း ယာဉ်အမှတ် 9K/1452 သည် ​နောက်ဆုတ်စဉ် ၁ နှစ် ၆လ အရွယ် ကလေးအားကြိတ်မိ၍ သေဆုံးခြင်းအတွက် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေး ကျပ် ၁၀ သိန်း၊ ယာဉ်အမှတ် ၂စ/၆၀၂၇ တိမ်းမှောက်ခြင်းကြောင့် ဇနီးဖြစ်သူ ဒေါ်ခင်ဌေးကြည် နှင့် သားဖြစ်သူ မောင်ခင်ဇော်နိုင် သေဆုံးခြင်းအတွက် (၁) ဦးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် (၂) ဦး အတွက် ကျပ် ၁၀ သိန်း၊ စုစုပေါင်း ကျပ် ၁၀၂ သိန်း ပေးအပ်ခဲ့ပြီး အာမခံလုပ်ငန်းအကြောင်း ပြည်သူလူထုပိုမိုသိရှိစေရန် ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

နိုင်ငံတော်ပိုင်မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် နိုင်ငံတော်အတွင်းမှီတင်း နေထိုင်ကြ သော တိုင်းရင်းသားလုပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် စီးပွားရေးလုပ်ငန်း များကို အာမခံအကာအကွယ်ပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ အာမခံလုပ်ငန်း အမျိုးအစား (၂၉) မျိုးအား လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အာမခံ အလုပ်လက်ခံ ဆောင်ရွက်ခြင်း၊ ဆုံးရှုံးမှု ဖြစ်စဉ်များအတွက် အမြန်ဆုံးနှင့် အမှန်ကန်ဆုံး လျော်ကြေးပေး ချေခြင်းများကို ဆောက်ရွက်လျက်ရှိရာ နိုင်ငံတော်အတွက် နှစ်စဉ်ဝင်ငွေပိုမို တိုးတက် ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ နစ်နာသူပြည်သူများအတွက် လျော်ကြေး ပေးချေခြင်းများကို လျင်မြန်မှန်ကန်စွာဆောင်ရွက်ပေးနေသော နိုင်ငံတော်အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်း ဖြစ်ပါသည်။