သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးပေးချေခြင်းနှင့် ခရီးသွားအာမခံ လျော်ကြေးပေးအပ်ပွဲအခမ်းအနား

(၁၈-၉-၂၀၁၇)ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ရဲအောင်လံခရီးသည်တင် ယာဉ်အမှတ် ၆က/၂၃၉၃ သည် ပဲခူးတိုင်းဒေသကြီး၊ ကျွဲကြီးကျွဲလေးရွာရှေ့နား လေးအိမ်စုအနီး၊ မိုင်တိုင်အမှတ် ၄၂၊ ပုဂံတွဲရွာသို့ ၄င်းနေ့ည ၁ဝးဝ၀ နာရီအရောက် ကားစလစ်ဖြစ်၍ ပေ ၁၅၀ ခန့်နက်သော လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသူ ခရီးသည်(၄၆)ဦး အနက် ခရီးသည်(၅)ဦးသေဆုံးခဲ့ပြီး (၄၁)ဦးဒဏ်ရာ ရရှိခဲ့ခြင်းအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးပေးချေခြင်းနှင့် ခရီးသွားအာမခံ လျော်ကြေးပေးအပ်ပွဲအခမ်းအနားအား (၈-၁၀-၂၀၁၇) ရက်နေ့ (၁၁းဝ၀)နာရီတွင် တောင်ကုတ်မြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး မှ အကျိုးခံစားခွင့်ရှိသူများသို့ ပေးအပ်ခဲ့ပါသည်၊၊

အခမ်းအနားသို့ သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တောင်ကုတ်မြို့အခြေစိုက် မော်တော်ယာဉ်လိုင်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အကျိုးခံစားခွင့် ရရှိသူများ တက်ရောက်ကြပါသည်၊၊

ယနေ့ပြုလုပ်သောအခမ်းအနားတွင် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေး တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် (၅)ဦးအတွက် ကျပ်သိန်း ၅၀၊ ခရီးသွားအာမခံလျော်ကြေး တစ်ဦးလျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့် (၅)ဦးအတွက် ကျပ်သိန်း ၁၀၀၊ စုစုပေါင်း ကျပ်သိန်း ၁၅၀ နှင့် ဒဏ်ရာရှိသူ (၂၉)ဦးအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေး ကျပ်သိန်း ၃,၉၆၈,၀၀၀၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၈,၉၆၈ သိန်း ပေးလျော်ခဲ့ပါသည်၊၊

နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လုပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် စီးပွားရေးလုပ်ငန်းများကို အာမခံအကာအကွယ်ပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ အာမခံလုပ်ငန်း အမျိုးအစား(၄၈)မျိုးအား လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အာမခံအလုပ်လက်ခံဆောင်ရွက်ခြင်း၊ ဆုံးရှုံးမှု ဖြစ်စဉ်များအတွက် အမြန်ဆုံးနှင့် အမှန်ကန်ဆုံး လျော်ကြေးပေးချေခြင်းများကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အတွက် နှစ်စဉ်ဝင်ငွေပိုမိုတိုးတက်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ နစ်နာသူပြည်သူများအတွက် လျော်ကြေးပေးချေခြင်းများကို လျင်မြန်မှန်ကန်စွာ ဆောင်ရွက်ပေးနေသော နိုင်ငံတော်အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းဖြစ်ပါသည်၊၊