မြန်မာ့အာမခံလုပ်ငန်း လျော်ကြေးပေးအပ်ပွဲအခမ်းအနား

လျော်ကြေးပေးအပ်ပွဲအခမ်းအနား

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူ ထားရှိပြီးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဆုံးရှုံးခဲ့သူများသို့ လျော်ကြေးပေးအပ်ပွဲ အခမ်းအနားအား၊ ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) စတုတ္တထပ် အစည်းအဝေးခန်းမတွင် ၂၆.၉.၂၀၁၇ ရက်နေ့ ၁၅:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။      အဆိုပါ အခမ်းအနားသို့ ဆုံးရှုံးနစ်နာမှုလျော်ကြေးများ လက်ခံရယူရန်၊ ကုန်ပစ္စည်းပိုင်ရှင်များ၊ မော်တော်ယာဉ်ပိုင်ရှင်များနှင့် မြန်မာ့အာမခံလုပ်ငန်း၊ ဌာနအသီးသီးမှ ဌာနအကြီးအကဲများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

၃။      အခမ်းအနားတွင် မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံ အကာအကွယ်ရယူထားသော၊ စီးပွား​ရေးလုပ်ငန်းရှင်များနှင့် အာမခံထားရှိသူများသို့ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးပေးအပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယခုအခမ်း အနားတွင် အလုံးစုံမော်တော်ယာဉ် အာမခံထားရှိသော မော်တော်ယာဉ် (၃)စီးအတွက် ကျပ် ၃၁.၅၄ သန်း၊ မီးအာမခံနှင့်အတူ ရေစိုပျက်စီးဆုံးရှုံးမှုအာမခံထားရှိသော ကုမ္ပဏီ (၃) ခုသို့ လျော်ကြေးငွေ ကျပ် ၁၂၆.၈၅၈ သန်း ပေးလျော်ခဲ့ပြီး ယနေ့အခမ်းအနားတွင် ပေးလျော်သည့် လျော်ကြေးငွေစုစုပေါင်းမှာ ၁၅၈.၄၀ သန်း ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံလုပ်ငန်းများကို လွယ်ကူ လျင်မြန်စွာ လက်ခံဆောင်ရွက်ပေးသကဲ့သို့ နစ်နာဆုံးရှုံးမှု ဖြစ်ပွားသူများကိုလည်း နစ်နာကြေး ပေးလျော်ငွေများ လျင်မြန်စွာစီစစ်ထုတ်ပေးခြင်းဖြင့် အာမခံလုပ်ငန်းအပေါ် ပြည်သူများ ပိုမိုယုံကြည် အားကိုးလာကာ ပြည်သူတို့၏အကျိုးစီးပွားနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဆတက်ထမ်းပိုး ပိုမိုတိုးတက် အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

၄။      အာမခံလျော်ကြေး၊ နစ်နာကြေးလက်ခံရရှိသူများမှလည်း ကျေးဇူးတင်စကားပြောကြားကာ လျော်ကြေးပေးအပ်ပွဲကို ၁၆:၃၀ နာရီတွင် ပြီးဆုံးကြောင်းနှင့် ဧပြီ ၁ ရက်နေ့မှ ယနေ့ထိ မြန်မာ့အာမခံလုပ်ငန်းမှ စုစုပေါင်းလျော်ကြေး ကျပ် ၃၂၆၁.၉၈၁ သန်းကို ပေးလျော်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။