စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းတရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုစင်္ကြံအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်

,

             

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းသည် ၈.၅.၂၀၁၈ ရက်နေ့နံနက်(၁၀)နာရီတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့် စီမံကိန်းများနှင့် တရုတ်−မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စင်္ကြံကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်လုပ်ဆောင်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုစင်္ကြံအကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက် လိုသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့သည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ တရုတ်−မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စင်္ကြံနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးမှ တရုတ်နိုင်ငံ၏ One Belt One Road အောက်တွင် Economic Corridor အဖြစ် ဆောင်ရွက်မှာဖြစ်ကြောင်း။ ပင်လယ်ထွက်ပေါက်ရှိတဲ့ နေရာတိုင်းသည် နောက်ပိုင်းတွင် Corridor အဖြစ် ပါဝင်မှာဖြစ်ပြီးမေလ၁၄ ရက်နေ့တွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် နောက်ဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း။ ဧရာတီတိုင်းဒေသကြီး အစိုးရအနေဖြင့် တရုတ်−မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစင်္ကြံတွင် ထည့်သွင်းစဉ်းစားလိုသည့် စီမံကိန်းများရှိပါကတိုင်းဒေသကြီးလည်းအကျိုးရှိရင်းနှီးမြှုပ်နှံသူများလည်းအကျိုးရှိစေရန် ရှင်းလင်းတင်ပြခြင်းဖြစ်ပါကြောင်းစသည်ဖြင့်ပြောကြားသည်။ ထို့နောက် တရုတ်-မြန်မာစီးပွားရေး စင်္ကြံအကောင်အထည်ဖော်ရာတွင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ဆောင်ရမည့် နယ်ပယ်အသီးသီးနှင့် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် တက်ရောက်လာကြသည့် ကုမ္ပဏီများမှ ဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများအားတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ယာဖွံဖြိုးရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ မီးဘေးလုံခြုံရေးဆောင်ရွက် ထားရှိမှု၊ဝန်ထမ်းအိမ်ရာများဆောက်လုပ်ရန်ကိစ္စများအားလမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုသိမ်စက်မှုမြို့တော် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးရာစက်မှုမြို့တော်တည်ဆောက်ရေးတာဝန်ခံများမှ ရှင်းလင်း တင်ပြခဲ့ကြောင်းသတင်းရရှိသည်။

(သတင်းစဉ်)

ပုသိမ်၊  မေလ  ၈ ရက်