ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ ( ၂ / ၂၀၂၁ ) ကြိမ်မြောက် အစည်းအဝေးကျင်းပ

“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ”၏ ( ၂ / ၂၀၂၁ ) ကြိမ်မြောက် အစည်းအဝေးကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင်          ယနေ့၊ နေ့လယ် (၁၄:၀၀) နာရီ၌ကျင်းပရာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင် အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (Central Provident Fund – CPF) အကောင်အထည်ဖော်ရေးကော်မတီ ကို ၁၉-၂-၂၀၁၉ ရက်နေ့တွင် ယခင်နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းတာဝန်ပေးအပ်ချက်အရ  ကော်မတီအစည်းအဝေး စုစုပေါင်း (၇) ကြိမ်၊ ဆပ်ကော်မတီအစည်းအဝေးစုစုပေါင်း (၃) ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊  ရေရှည်တည်တံ့ခိုင်မြဲသော အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာ စေရန်ရည်ရွယ်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး အစီအစဉ်နှင့် လုပ်ငန်းစဉ်တို့အား ဆောင်ရွက်ရန် ယခင်ပြည်ထောင်စုအစိုးရအဖွဲ၏ သဘောတူ အတည်ပြုချက် ရရှိပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ အတည်ပြုပြဋ္ဌာန်း နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ပြီးနောက် ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ပြီးဖြစ်သော်လည်း အမျိုးသား လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိခဲ့ပါကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည် ဆောင်ရွက်ရမည့်ကိစ္စဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မိမိတို့ကော်မတီကို      ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ကော်မတီအနေဖြင့် ဆက်လက် ဆောင်ရွက်ရန်ကိစ္စများ၊  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့် ကိစ္စများ၊ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များတို့ကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရန်ဖြစ်ပါ ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြ သည်။ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၄-၃-၂၀၂၁ ရက်စွဲပါအမိန့် ကြော်ငြာစာ အမှတ်၊ ၇၁/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့် နှင့်ပတ်သက်၍ ရေရှည်တည်တံ့ ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ် တစ်ရပ်ကိုထူထောင်ရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။