စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် Virtual Meeting ဖြင့်ပြုလုပ်သည့် (၂၅) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံက Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၂၅) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။ ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူဆောင်ရွက်သည့် ဘရူနိုင်းဒါရူဆလမ် နိုင်ငံက အာဆီယံအစည်းအဝေးများကို "We Care, We Prepare, We Prosper" ဆောင်ပုဒ်ဖြင့် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးတွင် ယခုနှစ်အတွင်း COVID-19 ကပ်ရောဂါကြောင့် အာဆီယံဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးတွင် မတည်ငြိမ်မှုများ ရှိနေသေးသော်လည်း နိုင်ငံအလိုက် စီးပွားရေးပြန်လည်နာလန်ထူလာနိုင်ရေးအစီအမံများ၊ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များ၊  အာဆီယံနိုင်ငံများ၏ ဘဏ္ဍာရေးပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်တို့၏ပူးပေါင်းဆောင်ရွက်မှုသည် ဒေသစီးပွားရေးအတွက် အရေးပါသည့်အတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို တွန်းအားပေးဆောင်ရွက်နိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်ချက်များ၊ ASEAN Blueprint 2025 အောက်မှ အကောင်အထည်ဖော်ဆောင်ရွက်သွား မည့်ကိစ္စရပ်များ၊ အာဆီယံနိုင်ငံများအတွင်း ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများ၏ တိုးတက်မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။ 

အာဆီယံဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေရရှိနိုင်မှု၊ အာမခံလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် ဘဏ္ဍာငွေရရှိနိုင်မှု၊ အာဆီယံအကောက်ခွန်နှင့် အခွန်ဌာနများအကြားပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံဒေသတွင်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ငွေကြေးပံ့ပိုးနေမှုများကို ပူးပေါင်းတိုက်ဖျက်မှု စသည်တို့ ပါဝင်ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးရာ၌ COVID-19 ကပ် ရောဂါ၏သက်ရောက်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် တစ်နိုင်ငံချင်းအလိုက်သော်လည်းကောင်း၊ အာဆီယံဒေသအလိုက်သော်လည်းကောင်း တုံ့ပြန်ဆောင်ရွက်ကြသကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လည်း တုံ့ပြန်ဆောင်ရွက်လျက်ရှိကြရာ ဘဏ္ဍာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာဖြေလျှော့ပေးမှုများနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများတွင် သိသာသည့်တိုးတက်မှုများ ရှိခဲ့ပါကြောင်း၊ ယင်းတွင် ASEAN Framework Agreement on Services နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ဆောင်မှုများဖြေလျှော့ ပေးရေးဆိုင်ရာ နဝမအကျော့ကတိကဝတ်များ အတည်ပြုသတ်မှတ်နိုင်ရေးလုပ်ငန်းစဉ်သည် လည်း တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံမှလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် Comprehensive Economic Stimulus Plan တစ်ခုအဖြစ်  COVID-19 Economic Relief Plan (CERP) ကို ချမှတ်ဆောင်ရွက်ဆောင်ရွက်လျက်ရှိသည့် အပြင် အခြားပြန်လည်ထူထောင်ရေးအစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါ၏သက်ရောက်မှုသည် မည်သည့်အချိန်အထိ ဆက်လက်ရှိနေမည်ဆို သည်မှာ မသေချာသည့်အတွက် စိန်ခေါ်မှုများလည်း ဆက်လက်တည်ရှိနေသည်ဖြစ်ရာ ပြန် လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရာတွင် ထိရောက်သည့် ပြည်သူ့ကျန်း မာရေးဆောင်ရွက်ချက်များအတွက် လုံလောက်သည့်ဘဏ္ဍာရေးပံ့ပိုးမှုများအပါအဝင် စီးပွားရေးပြန်လည်ထူထောင်ရေးဆိုင်ရာအစီအစဉ်များ အကောင်အထည်ဖော်ရေးအတွက် အာဆီယံ၏မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးသည် အာဆီယံနိုင်ငံများအားလုံးအတွက် အရေးကြီးလျက်ရှိနေပါ ကြောင်း၊ ယင်းသို့ နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများကို အာဆီယံ၏စုပေါင်းအားဖြင့် ကျော်လွှားနိုင်မည်ဟုယုံကြည်ပါကြောင်း နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့်အခြေအနေကောင်းများ ဖန်တီး ပေးနိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပါဝင်ဆွေးနွေး ခဲ့ပါသည်။ အဆိုပါအစည်းအဝေးနှင့်အတူ ဆက်စပ်အစည်းအဝေးများအဖြစ် နိုင်ငံတကာငွေရေး ကြေးရေးအဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာရှအခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်၊ အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံးတို့နှင့်အစည်းအဝေး၊ ASEAN Business Advisory Council နှင့် US-ASEAN Business Council, EU-ASEAN Business Council တို့၏ အစည်းအဝေးများ ကိုလည်း ကျင်းပခဲ့ကြရာ အစည်းအဝေးများတွင် ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ အခွင့်အလမ်းများနှင့် ဆုံးရှုံးနိုင်ခြေရှိမှုများ၊ ပြန်လည်ထူထောင်ရေးအစီ အစဉ်များ ရေးဆွဲချမှတ်အကောင်အထည်ဖော်ရာတွင် ဒေသတွင်း လူ့စွမ်းအားနှင့် အရင်း အမြစ်များအား ထိရောက်စွာခွဲဝေအသုံးချရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်ရှည်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် မဟာမိတ်အဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ 

ယခုအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဌ များနှင့် အာဆီယံအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့ အစည်းများမှ ဥက္ကဌ များနှင့် အဆင့်မြင့်အရာရှိကြီးများ စုံညီစွာတက်ရောက်ခဲ့ကြပြီး၊ လာမည့် ၂၀၂၂ ခုနှစ်အတွက် ကျင်းပမည့် (၂၆) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အိမ်ရှင်အဖြစ် အလှည့်ကျသည့် ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရသည်။