စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း Virtual Meeting ဖြင့်ပြုလုပ်သည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့ နေ့လယ်တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံက Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးသို့ နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
ယခုနှစ်အာဆီယံအစည်းအဝေးများကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ယူ၍ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွက် အာဆီယံဆောင်ပုဒ်အဖြစ် “We Care, We Prepare, We Prosper” ကို ချမှတ်ထားပါသည်။ အစည်းအဝေးတွင် ယခုနှစ်အတွင်း ဒေသ တွင်းနှင့် ကမ္ဘာ့စီးပွားရေးတွင် မတည်ငြိမ်မှုများ ရှိနေသေးသော်လည်း နိုင်ငံအလိုက် စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးအစီအမံများ၊ အထူးသဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကဲ့သို့သော ကျန်းမာရေးဆောင်ရွက်ချက်များ၊ အာဆီယံနိုင်ငံများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် အာဆီယံဘဏ္ဍာရေးနှင့်ဗဟိုဘဏ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုသည် ဒေသစီးပွားရေးအတွက် အရေးပါသည့်အတွက် ပြန်လည်ထူထောင်ရေး အစီ အစဉ်များကို တွန်းအားပေးဆောင်ရွက်နိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်ချက်များ၊ ASEAN Blueprint 2025 အောက်မှ အကောင်အထည်ဖော်ဆောင် ရွက်သွားမည့်ကိစ္စရပ်များ၊ အာဆီယံနိုင်ငံများအတွင်း ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများ၏ တိုးတက်မှုအခြေအနေကိုလည်း ဆွေးနွေးကြပါသည်။ အာဆီယံဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု များတွင် အာဆီယံဒေသတွင်း ငွေလုံးငွေရင်းစာရင်းဆိုင်ရာဖြေလျှော့ပေးမှုကိစ္စရပ်များ၊ အရင်း အနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာဖြေလျှော့ပေးရေးကိစ္စရပ်များ၊ အာဆီယံဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူညီချက်အကောင်အထည်ဖော်ရေးကိစ္စရပ်များ၊ ငွေရေးကြေးရေးကဏ္ဍတွင် အားလုံး ပါဝင်လာနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းရေးစနစ်များ ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာကိစ္စရပ်များ ပါဝင်ပါသည်။
အဆိုပါအစည်းအဝေးနှင့်အတူ ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော အာဆီယံဘဏ္ဍာရေး နှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများနှင့် အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ အစည်းအဝေးကိုလည်း မတ်လ ၂၆ ရက်နေ့၊ နံနက် (၉) နာရီမှ (၁၀) နာရီခွဲအထိ Virtual အစီ အစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် Economic Stimulus Package အဖြစ် အမေရိကန်ဒေါ်လာ (၁.၉) ထရီလီယံ သုံးစွဲဆောင်ရွက်သွားမည်
ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ အဓိကကုန်သွယ်ဖက်တစ်ခုဖြစ်သည့် အာဆီယံဒေသ တွင် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်သွားမည့်အစီအစဉ်များ အပေါ် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးနှင့် လူမှုရေးထိခိုက်မှုများအပေါ် ဘဏ္ဍာရေးအစီအစဉ်များ ချမှတ်ဆောင်ရွက် ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံတွင် COVID-19 Economic Relief Plan (CERP) ချမှတ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် စီးပွားရေးဦးတည်ချက်များ ချမှတ် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ယခုကျင်းပသည့် အာဆီယံ ဘဏ္ဍာရေးင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်း အဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ တွင် ကျင်းပမည့် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများအစည်းအဝေးသို့ ဆက်လက်တင်ပြအတည်ပြု ဆောင်ရွက်မည်ဖြစ်သည်။
ယခုအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်တို့မှ ဒုတိယဝန်ကြီး များနှင့် ဒုတိယဥက္ကဌများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး၊ လာမည့် ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲ များအစည်းအဝေးကို အိမ်ရှင်အဖြစ် အလှည့်ကျသည့် ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။