၂၀၂၀ ပြည့်နှစ်၊ မတ်လ (၅) ရက်နေ့တွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပခြင်း

စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊   မတ်လ (၅) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်က အဖွင့်အမှာစကား ပြောကြားရာ ယခုအချိန်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်အဆိုပြုသည့် ကာလဖြစ်၍ ကဏ္ဍအလိုက် အဆိုပြုချက်များတွင် မဟာဗျူဟာမြောက်လုပ်ငန်းစီမံချက်များကို စိစစ်၍ အဆိုပြုချက်များတွင် ပါဝင်အောင် အလေးထားဆောင်ရွက်ရန် မှာကြားလိုကြောင်း၊  ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ပညာသင်ဆုများကို ဝင်ရောက်ယှဉ်ပြိုင်လျှောက်ထားရန် တိုက်တွန်းလိုပါကြောင်း၊ ဝန်ထမ်းစည်းမျဉ်းများ လိုက်နာဆောင်ရွက်ရေးနှင့် အမြဲကြိုးပမ်းအားထုတ်ရန် တိုက်တွန်းလိုကြောင်းနှင့် လက်ရှိလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ထမ်းများက လက်ရှိလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို  ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် နိဂုံးချုပ်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်က နောင်တွင်လည်း တင်ပြရန်ရှိသည်များကို ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဆက်လက်တင်ပြရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းကိစ္စရပ်များကိုဆွေးနွေးပြီး အခမ်းအနားကို ညနေ (၁၆:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။