ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများအား လျှော့ချမှုနည်းလမ်းဆိုင်ရာ စီအယ်လ်အမ်ဗွီဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ၊ ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ အခြေခံသင်တန်းနှင့် စီမံခန့်ခွဲမှုသင်တန်းများကျင်းပခြင်း

, , ,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊      နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့်    ဂျာမနီ အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ) တို့   ပူးပေါင်းကျင်းပသော ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများအား လျှော့ချမှုနည်းလမ်းဆိုင်ရာ   စီအယ်လ်အမ်ဗွီဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ၊ ဝန်ဆောင်မှုကုန်သွယ် ရေးဆိုင်ရာ အခြေခံသင်တန်း၊ ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းတို့ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့အထိ နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာထမ်းများ၊ ကမ္ဘောဒီးယား၊ လာအို နှင့်ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီ(GIZ)မှ ကိုယ်စားလှယ်များ စုစုပေါင်း(၅၁)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးသည် GIZ မှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော “Support to IAI” စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်မှာ စီအယ်လ်အမ်ဗွီနိုင်ငံများ၏ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများကို လျှော့ချခြင်းနှင့် ဖယ်ရှားခြင်းများ ပြုလုပ်ခြင်း၊ ကျွမ်းကျင်လုပ်သားများ အာဆီယံဒေသတွင်း သွားလာလုပ်ကိုင်နိုင်မှု မြှင့်တင်ခြင်း ဖြင့် ပိုမိုလွတ်လပ်သောဝန်ဆောင်မှုကုန်သွယ်ရေး အဆင်ပြေချောမွေ့ခြင်းကိုရရှိ၍ စီအယ်လ် အမ်ဗွီနိုင်ငံများသည် အာဆီယံဒေသတွင်းပူးပေါင်းမှု၏အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ကြ စေရန် အတွက် အာဆီယံဒေသတွင်းသဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် စီအယ်လ်အမ်ဗွီနိုင်ငံများကို ကူညီထောက်ပံ့ပေးနိုင်ရန် ဖြစ်ပါသည်။