စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ်(၁) နှင့် IT နှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဧပြီ ၁

ငွေတိုက်ဦးစီးဌာန၊ အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ်(၁) နှင့် IT နှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲ၌ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာ၌ ယနေ့အခမ်းအနားသည် ၂၃−၂−၂၀၂၄ ရက်နေ့မှ ၂၈−၃−၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ် (၁) နှင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဌာနရှိ အမှုထမ်းများအတွက် ဖွင့်လှစ်ပို့ချခဲ့သည့် IT နှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အပတ်စဉ် (၅) ခုတို့အတွက် သင်တန်းဆင်းပွဲပြုလုပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ ဌာနခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပို့ချမှုများအပေါ် လေ့လာမှတ်သားပြီး မိမိလုပ်ငန်းတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် ပြန်လည်အသုံးချရန် လိုအပ်ကြောင်းနှင့် ပြင်ပဌာန အဖွဲ့ အစည်းများမှ သင်ကြားခဲ့သည်များမှ ထပ်မံသိရှိလိုသည်များကို ဆက်လက်လေ့လာသွားရန် လိုအပ်ကြောင်း၊ ဌာန၏ လုပ်ငန်းတာဝန်များ ပြီးမြောက်ရန် တစ်ဦးတစ်ယောက်တည်းဖြင့် ဆောင်ရွက်၍ မရဘဲ စုပေါင်းအားနဲ့ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိအတွေ့အကြုံ၊ ဗဟုသုတ၊ အတတ်ပညာများ အားလုံးစုပေါင်း၍ ဌာနနှင့် ဝန်ကြီးဌာနအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း မှာကြားပါသည်။

ထို့နောက် အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များအား ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ IT နှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များအား ဒုတိယညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ပေးအပ်ခဲ့ပါသည်။

အရာထမ်းများမွမ်းမံသင်တန်း အမှတ်စဉ်(၁)တွင် ဌာနတွင်းလုပ်ငန်း ကျွမ်းကျင်မှုဘာသာရပ်များ အပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံများနှင့် လုပ်ငန်းစဉ်များ၊ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်း၊ စာရင်းစစ်ဆေးခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊  ဝန်ကြီးဌာနများနှင့် ချုပ်ဆိုလျက်ရှိသော စာချုပ်စာတမ်းများအကြောင်း သိကောင်းစရာ၊ ငွေကြေးမူဝါဒနည်းလမ်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ချက်များ၊ အခွန်ဆိုင်ရာသိကောင်းစရာများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများစသည့်  ပြင်ပဘာသာရပ်များကို ပြင်ပဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက သင်ကြားပို့ချခဲ့ပါသည်။ IT နှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းတွင် Microsoft Office (Word, Powerpoint, Excel) ၊ Basic Networking Knowledge ၊ Basic Cyber Security Knowledge ၊ Basic Windows and Basic Server Knowledge နှင့် Adobe Photoshop 2020 တို့ကို သင်ကြားပို့ချပေးခဲ့ပါသည်။ အရာထမ်းများမွမ်းမံသင်တန်းတွင် လက်ထောက်ညွှန်ကြားရေးမှူး (၈) ဦးနှင့် ဦးစီးအရာရှိ (၂၃) ဦး၊ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ပြီး IT နှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းတွင် စိစစ်ရေးမှူး−၂ (၆၀) ဦး တက်ရောက်ခဲ့ပါသည်။