
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသည် ရည်မှန်းချက်တာဝန်တစ်ခုဖြစ်သည့် မှတ်တမ်းများရယူစုဆောင်းခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန/အဖွဲ့အစည်းများသို့ ကွင်းဆင်း မှတ်တမ်းရယူရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို (၁၇-၇-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ(Bဆောင်)၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ချိုအေးက ဦးဆောင်ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ချိုအေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကွင်းဆင်းမှတ်တမ်းရယူရေးနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထာဝစဉ်ထိန်းသိမ်းရန်လိုအပ်သော မှတ်တမ်းများကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးခြင်းဖြင့် နောင်တစ်ချိန်တွင် ပြန်လည်ကိုးကားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ကွင်းဆင်းရယူခြင်းလုပ်ငန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ချိုအေးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။