ဧရာဝတီတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ ကြီးမှူးကျင်းပပြုလုပ်သည့် ဗဟိုစာရင်းအင်းအဖွဲ့၏ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲ ကို မတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 
ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စာရင်းအင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် စာရင်းအင်းနည်းဥပဒေ များကို ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေနှင့်နည်းဥပဒေများ သက်ဝင်လာစေရေးအား အမျိုးသားစာရင်းအင်းစနစ်တွင်ပါဝင်သည့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကြား စာရင်းအင်းဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေး၊ စာရင်းအင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရေးတို့ကို ရည်ရွယ်ပြီး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းလာစေရန် လိုအပ်ပါကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင်စာရင်းအင်းများ ပြုစုထုတ်ပြန်ခြင်း၊ အားပေးမြှင့်တင်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအား ကောင်းမွန်စွာသိရှိနားလည် အသုံးပြုနိုင်ခြင်းအားဖြင့် မူဝါဒများ၊ ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်နှင့် စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း၊ သယံဇာတများ ခွဲဝေအသုံးပြုရာတွင်လည်းကောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့နှင့်အတူ စာရင်းအင်းအချက်အလက်များကို ပူးပေါင်းဆောင်ရွက်ရသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်မှ စာရင်းအင်းဥပဒေ၊ နည်းဥပဒေတို့နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြပြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးမှ နိဂုံးချုပ်အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်၊၊ 

,