မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၈) အခမ်းအနားကျင်းပ

,

မြန်မာနိုင်ငံ၏ ဖွားသေစာရင်းအင်းများ မှတ်ပုံတင်ခြင်းစနစ် ပိုမိုအားကောင်း လာစေရန်၊ နိုင်ငံတကာ အဆင့်အတန်းမီသောစနစ် ဖြစ်လာစေရန်နှင့် မွေးဖွားမှုနှင့် သေဆုံးမှု စာရင်းအင်းများ ပြည့်စုံမှန်ကန်စွာရရှိပြီး ဖွားသေစာရင်းအင်း ညွှန်ကိန်းများ မှန်ကန်စွာ ထုတ်ပြန်နိုင်ရန်အတွက် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၈) ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့  အစည်း အဝေး ခန်းမ၊ ရုံးအမှတ် (၃၂) နေပြည်တော်၌ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (၁၃:ဝ၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်း စာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်နှင့် သက်ဆိုင်ရာ ဌာနများမှ မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဒေသကြီးပြည်နယ် တာဝန်ခံ များ၊  UNICEF ၊ Vital Strategies ၊ Bloomberg အဖွဲ့အပါအဝင် စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ  ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ ဖွားသေမှတ်ပုံတင်စနစ် နိုင်ငံတကာ အဆင့်အတန်းမီလာစေရန်နှင့် ဖွားသေစာရင်းအင်း ညွှန်ကိန်းများကို တွက်ချက်ရာတွင် တစ်နှစ်အတွင်း ဖြစ်ပွားသော ဖွားသေစာရင်းအင်းများ ရရှိမှသာ အချိန်နှင့်တပြေးညီ  တွက်ချက် ထုတ်ပြန်နိုင်မည် ဖြစ်သောကြောင့် လက်ရှိအခြေအနေများကို သုံးသပ်ပြီး ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းသွားနိုင်မည့်နည်းလမ်းများကို ညှိနှိုင်း ဆွေးနွေးသွားရန်နှင့်  ဖွားသေမှတ်ပုံတင်စနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စနစ် တကျ အစီအစဉ်များ ရေးဆွဲရန်ရည်ရွယ်၍  ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အစည်းအဝေးတွင် မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်းများ တိုးတက်လာခြင်း အားဖြင့် လူဦးရေတိုးတက်မှုနှုန်း၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု၊ စီမံကိန်းများရေးဆွဲခြင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံများ စဉ်ဆက်မပြတ် တိုးတက် စေရေးအတွက် စီမံချက်များ ရေးဆွဲခြင်း၊ မူဝါဒများချမှတ်ဆောင်ရွက်ရာတွင် အလွန် အသုံးဝင်သောကြောင့် ဖွားသေ စာရင်းအင်းတိုးတက်လာစေရန်၊ အရည်အသွေးရှိစေရန် အတွက် ပူးပေါင်းဆောင်ရွက် နေသော ဌာနတစ်ခုနှင့် တစ်ခုကြား၊ အဖွဲ့အစည်း တစ်ခု နှင့်တစ်ခုကြားတွင် တူညီသော ရည်မှန်းချက်များနှင့် ကွင်းဆက်မိမိ ပူးပေါင်းဆောင်ရွက်သွားရန်၊ လက်ရှိတွင်သုံးစွဲနေ သော ဖွားသေစာရင်းအင်းပုံစံများသည် နိုင်ငံတကာနှင့် ကိုက်ညီမှုရှိစေရန်အတွက် ပြန်လည်ပြုပြင်ရန်နှင့် မွေးဖွားမှုနှင့်သေဆုံးမှု လမ်းညွှန်စာအုပ်ကို ပြင်ဆင်ရေးဆွဲ ထုတ်ဝေပြီးဖြစ်၍ လက်တွေ့ဆောင်ရွက်နေသော အောက်ခြေဝန်ထမ်းများ သိရှိလိုက်နာ  ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းပေးရန်နှင့် အခြေခံကျန်းမာရေးတက္က္ကသိုလ်ရှိ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားရန်၊ ပြည်သူလူထုမှ ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်းစနစ်ကို သိရှိလာပြီး မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းနှင့် လက်မှတ်များထုတ်ယူခြင်းကို Communication Strategy များချမှတ်ပြီး အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားရန် စသည့်အချက်များကို ဆွေးနွေးခဲ့ကြပါသည်။