မိမိတို့နိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် အဂတိတရား ကင်းကင်းနှင့် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားဖြင့် ဆောင်ရွက်သွားကြရမည်

, , ,

နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးမှူ တိုးတက်စေရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး များ/စီးပွားရေးဝန်ကြီးများနှင့် (၅/၂၀၁၇)ကြိမ်မြောက် လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ယခု လက်ရှိအခြေအနေတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှုများ ပေါ်ပေါက်လာပြီး ပြည်ပသို့ ပို့ကုန်များတင်ပို့နိုင်မှသာ တိုင်းပြည်၏ စီးပွားရေး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှုများကို အခြေခံ၍ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်သွားကြရမည် ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းများ တည်ငြိမ်အောင် ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းကိုလည်း ဦးစားပေးအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိ တွန်းအားပေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအရ Infrastructure Development၊ MSME များကို လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြားအခြားသောလိုအပ်ချက်များကို နိုင်ငံတော်၏ မဟာဗျူဟာ ရည်မှန်းချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB)မှ စိုက်ပျိုးစရိတ် ချေးငွေ အပြင် Two Step Loans ဖြင့် လယ်ယာသုံးစက်ကရိယာများ၊ လယ်ယာသုံး သွင်းအားစုများကို ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ချေးငွေရရှိရန် ကျန်ရှိနေသေးသည့် နေရာဒေသများကိုလည်း MADB နှင့် ချိတ်ဆက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် မှလည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ချေးငွေများ၊ အကူအညီများဖြင့် Two Step Loans များ ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊  တိုင်းဒေသကြီး/ ပြည်နယ်များမှ တောင်သူ လယ်သမားများအနေဖြင့်  ကြက်၊ဝက်၊နွားများကို တစ်ပိုင်တစ်နိုင် မွေးမြူကြသော်လည်း စီးပွားဖြစ် မွေးမြူနိုင်ခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းရှင်များကို ချေးငွေ များထုတ်ချေး၍ တောင်သူလယ်သမားများအတွက် မွေးမြူရေးလုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင် နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ အနေဖြင့် မိမိတို့၏ ဒေသအတွင်း မွေးမြူရေးလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံပြီး အမှန်တကယ် လုပ်ကိုင်မည့် သူများကို ထောက်ခံ၍ MADB နှင့် ချိတ်ဆက်ကာ မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးနိုင်ပါကြောင်း၊ ယခုအခါတွင်  ကန့်သတ်အချက်အချို့ကို ပယ်ဖျက်ပေး၍ ပြည်ပသို့ လွတ်လပ်စွာ တင်ပို့ခွင့်များ ပေးထားပြီးဖြစ်သောကြောင့် ပြည်ပပို့ကုန်များလည်း တိုးမြင့်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း များပြားလာပါကြောင်း၊ သစ်တော ကြိုးဝိုင်းမြေ မဟုတ် သည့်၊ သစ်တောများကို ထိခိုက်ခြင်းမရှိသည့် မြေများကို သာဘာဝသယံဇာတနှင့် သစ်တော ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အကျိုးရှိဖြစ်ထွန်းစေမည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးနိုင်ရန် စီစဉ်နေပါကြောင်း၊ SME လုပ်ငန်းများ အားကောင်းလာစေရန်အတွက် ပြည်ပပို့ကုန် ထောက်ပံ့မှု ပေးနိုင်သည့် ထုတ်လုပ်မှုလုပ်ငန်းများကို အဓိက ဦးစားပေး စဉ်းစားစေလိုပါကြောင်း၊ ပြည်ပ ပို့ကုန် များပြားလာလျင် နိုင်ငံခြားဝင်ငွေလည်း တိုးတက်လာပြီး  နိုင်ငံတော်၏ GDP လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အခြေခံအဆောက်အဦးနှင့် ပတ်သက်၍ ပြည်ပချေးငွေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ အနေဖြင့် မိမိတို့ ဒေသတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသဖြင့် မဖွံ့ဖြိုးသေးသည့် ဒေသများကို ဦးစားပေး စဉ်းစားစေလိုကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှူကော်မရှင် (MIC) အနေဖြင့် မူဝါဒ၊ လုပ်ထုံး လုပ်နည်း၊ ဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံမှူလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်များ ချမှတ်ပေးထားပြီး ဖြစ်၍ နှောင့်နှေးကြန့်ကြာမှုများ မဖြစ်စေရန် အရေးကြီးပါကြောင်း၊ မိမိတို့ ဒေသသို့ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများကို အတက်နိုင်ဆုံး ကူညီပံ့ပိုးပေးရန်လည်း လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများခွင့်ပြုပေးရာတွင် အခက်အခဲ များ ပေါ်ပေါက်လာပါက MIC သို့ ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက် များကို ပြည်သူလူထုက အစဉ်အမြဲ စောင့်ကြည့်လျက် ရှိပါကြောင်း၊ ဥပဒေအတိုင်း ကျင့်သုံးရန် သည် မိမိတို့အစိုးရ၏ မူလပကတိ သံဓိဋ္ဌာန် ချထားပြီး ဖြစ်ပါကြောင်း၊ တရားမဝင် ကုန်စည် စီးဆင်းမှုများကို ပပျောက်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအနေဖြင့် ဝိုင်းဝန်းကူညီစေလိုပါကြောင်း၊ မိမိတို့နိုင်ငံကို ပြုပြင်ပြောင်းလဲ နိုင်ရန်အတွက်  အဂတိတရား ကင်းကင်းနှင့် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားဖြင့် မိမိတို့ဒေသအကျိုး၊ မိမိပြည်သူများအကျိုးကို အမြဲအာရုံထားပြီး ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဆက်အောင်မှ  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး/စီးပွားရေးဝန်ကြီးများမှ အခွန်အရပ် ရပ်ကောက်ခံရရှိမှုအခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME ၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ချေးငွေထုတ်ချေးရန် ကိစ္စများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၁၀)ခုတွင် စက်မှုဇုန်များ တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊  ဒေသ တွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စီမံကိန်းနှင့် ဘတ်ဂျက် ရေးဆွဲရေး ကိစ္စများ၊  သစ်သီးဝလံ ပန်းမန် တိုးမြှင့် စိုက်ပျိုးထုတ်လုပ်ရေးကိစ္စများ၊ သစ်တောထွက်ပစ္စည်းများ တရားမဝင် ခိုးထုတ်နေမှုများအား ပိုမိုထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ် များကို အသီးသီးရှင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ တင်ပြချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကာ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)