SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) (၁/၂၀၂၄) အစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ ၂၃
   မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုး ပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက် ခဲ့ပြီး နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း၏ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (၁/၂၀၂၄) ကြိမ် မြောက်အစည်းအဝေးကို (၂၃-၅-၂၀၂၄)ရက်နေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာလုပ်ငန်းအဖွဲ့ဉက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားပါသည်။
   ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် JICA (ODA) SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအဆင့်-၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊
    စီမံကိန်းအဆင့်-၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း များဖြစ်သော PFI ဘဏ် (၆) ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ SME လုပ်ငန်းရှင် (၆၁၆)ဦးသို့ ချေးငွေကျပ် (၁၄၂.၀၃၈) ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်း အဆင့်-၂ တွင် ငွေရေးကြေးရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ ဖြစ်သော PFI ဘဏ်(၁၁)ဘဏ်မှ တစ်ဆင့် ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ SME လုပ်ငန်းရှင်(၁၈၆၉)ဦးသို့ ချေးငွေကျပ် (၃၆၈.၃၆၉)ဘီလီယံ ထုတ်ချေးခဲ့ပြီး ဖြစ်ကြောင်း၊
    Working Committee အဖွဲ့ဝင်များအနေဖြင့် ယနေ့ဆွေးနွေးသည့် အချက်အလက်များ အပေါ်မူတည်၍ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့် ညီညွတ်အကျုံးဝင်သည့် SME လုပ်ငန်းများ ထံသို့ အတိုးနှုန်းသက်သာသည့် နှစ်ဆင့်ချေးငွေများ ရောက်ရှိစေရေးနှင့် ထိရောက်စွာ သုံးစွဲနိုင်ရေး အတွက် ဆွေးနွေးပေးစေလိုကြောင်း၊ ယခုစီမံကိန်းသည် အောင်မြင်သည့် စီမံကိန်းတစ်ခုဖြစ်သည့်အပြင် SME လုပ်ငန်းများအတွက်လည်း များစွာအကျိုးကျေးဇူးဖြစ်ထွန်းပါကြောင်း၊ နိုင်ငံတော်မှ SME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေချိန် ရည်ရွယ်ချက်နှင့် ကိုက်ညီသည့် စီမံကိန်း တစ်ခုလည်းဖြစ်ကြောင်း၊ ချေးငွေများကို ပြန်လည်ပေးဆပ်သည့်အချိန်တွင် အပြည့်အဝပြန်လည် ရရှိရန် လိုအပ်ကြောင်း၊ ချေးငွေအသစ်များကိုထုတ်ချေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်ကမ်းများ၊ မူဝါဒများနှင့် ကိုက်ညီစေရန် စနစ်တကျ စိစစ်ထုတ်ချေးရန်လိုအပ်ကြောင်း၊ 
    မြန်မာ့စီးပွားရေးဘဏ်အပါအဝင် PFIs ဘဏ်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ၊ ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေးထုတ်ချေးနိုင်ရေး ဆောင်ရွက်ရန်နှင့် ထုတ်ချေးပြီးသည့် ချေးငွေများ NPL မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
    ဤချေးငွေသည် အတိုးနှုန်းသက်သာသည့် ချေးငွေဖြစ်သည့်အပြင် နိုင်ငံတော်မှ ချမှတ်ထား သည့် ဦးစားပေးကဏ္ဍများနှင့် ကိုက်ညီမှုရှိသဖြင့် စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန်လိုအပ်ကြောင်း စသည်ဖြင့်ဆွေးနွေးမှာကြားခဲ့သည်၊ ဆက်လက်၍ အစည်းအဝေးကို အစီအစဉ်အတိုင်းကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်