အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပြန်လည်သုံးသပ်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် ၊ ဒီဇင်ဘာ ၂၉
    အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပြန်လည် သုံးသပ်ရေး အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။ 
အစည်းအဝေးသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ပါသည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသော မြန်မာ နိုင်ငံ၏ ပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅)ကို ပကတိအခြေအနေများနှင့် ကိုက်ညီစေရေး အတွက် ပြန်လည်သုံးသပ် ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့် လတ်တလော အကျိုးဖြစ်ထွန်း ရရှိနိုင်မည့် ဦးစားပေးနယ်ပယ်များကို အလေးထားဆောင်ရွက်ရန်နှင့် ယင်းသို့ ဆောင်ရွက်ရာတွင် လက်ရှိပို့ကုန်တင်ပို့နိုင်သည့် အခြေအနေများကို သုံးသပ်ပြီး လက်တွေ့ကျကျ အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်မည့် ကိစ္စရပ်များအတွက် နှစ်စဉ်၊ကာလတို၊ကာလရှည် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ ရေးဆွဲ၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင်ပြီး ဘက်ပေါင်းစုံမှ အားလုံးပေါင်းစည်း ဆောင်ရွက် နိုင်မည့်မဟာဗျူဟာ (Integrated Strategy) တစ်ရပ်ဖြစ်ပေါ်ရေးအတွက် သုံးသပ်ဆောင်ရွက် သွားရန်တို့ကို ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်  အစည်းအဝေးတက်ရောက်လာသူများက အမျိုးသားပို့ကုန် မဟာဗျူဟာနှင့် ဆက်စပ်သည့်ကိစ္စရပ်များအပေါ် အကြံပြု ဆွေးနွေး တင်ပြရာ  ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။