နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကျင်းပ

နေပြည်တော် ၊ ဒီဇင်ဘာ ၂၇
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။ 
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂-၁၁-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) ၏ သဘောတူခွင့်ပြုချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းပြင်ဆင်ချက်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၁-၁၁-၂၀၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၇၇/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြင်ဆင်သည့်ဘဏ္ဍာရေးစည်းမျဉ်းအရ “ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီသည် ရန်ပုံငွေရရှိမှု၊ သုံးစွဲမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ခြောက်လလျှင်တစ်ကြိမ် အစီရင်ခံစာတင်ပြရမည်” ဟု ဖော်ပြထားသဖြင့် ကော်မတီ၏ ၁-၄-၂၀၂၃ ရက် မှ ၃၀-၉-၂၀၂၃ ရက်အထိလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ၃-၁၁-၂၀၂၃ ရက်တွင် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အစီရင်ခံစာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးခြင်းဖြင့် တွေ့ရှိရသည့်အားသာချက်၊ အားနည်းချက်များ၊ ရရှိသည့်အကျိုးကျေးဇူးများနှင့် သုံးသပ်တင်ပြချက်များကိုဖော်ပြလျက် တင်ပြခဲ့ပါကြောင်း။ 
ထုတ်ပြန်ထားသည့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွင် ဖော်ပြထားသည့် ငွေစာရင်းထိန်းသိမ်းထားရှိရမည့်စာရင်းဇယားပုံစံများကို စနစ်တကျမှတ်တမ်းထားရှိနိုင်ရေးအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများရှိ သက်ဆိုင်ရာ တာဝန်ခံများကို Online စနစ်ဖြင့် သင်တန်း (၂) ရက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါကြောင်း။
၂-၁၁-၂၀၂၃ ရက်တွင်ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃) ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေစာရင်းမှ ကျပ် ၁၀၀ ဘီလီယံကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသို့ လွှဲပြောင်းထည့်ဝင်ခဲ့ပြီး၊ ယင်းငွေကို ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းဆောင်ရွက်ရန်အတွက် အရင်းမပျောက် မတည်ငွေအဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ၂၆-၁၀-၂၀၂၃ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွင် ယခင်က ကျပ် ၄၅၂ ဘီလီယံရှိပြီး ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ထပ်မံထည့်ဝင်ခဲ့သည့် ကျပ်၁၀၀ ဘီလီယံအပါအဝင် စုစုပေါင်းရန်ပုံငွေမှာ ကျပ် ၅၅၂ ဘီလီယံရှိပြီဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှချေးငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးခြင်းနှင့် ပြန်လည်ကောက်ခံခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း။
ယခုအစည်းအဝေးတွင် ချေးငွေရယူထားသူများအနက် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် နွားမွေးမြူရေးလုပ်ငန်းနှင့်ငါးမွေးမြူရေးလုပ်ငန်းတို့တွင် ပျက်စီးဆုံးရှုံးမှုများအပေါ် ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြလာမှုအပေါ်တွင်လည်း ရန်ပုံငွေဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြရန်ဖြစ်ပါကြောင်း စသည်တို့ကို ဆွေးနွေးမှာကြားပါသည်။    
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းချေးငွေထုတ်ချေးခဲ့မှုနှင့် ပြန်လည်ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေထုတ်ချေးထားမှု၊ ဆောင်းသီးနှံချေးငွေ အချိန်မီထုတ်ချေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက တင်ပြလာသည့် အားသာချက်၊ အားနည်းချက်များ၊ အကြံပြုတင်ပြချက်များကိုအခြေခံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက်ရေးနှင့် ပြန်လည်သုံးသပ်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဌက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။                      
သတင်းစဉ်