စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် ပြည်ထောင်စုနယ်မြေ ဗဟိုစာရင်းအင်းအဖွဲ့ရုံးနှင့် နေပြည်တော်ကောင်စီ စီမံကိန်းဦးစီးရုံးသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၅
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်များ လိုက်ပါပြီး ၁၅-၁၂-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်ထောင်စုနယ်မြေ ဗဟိုစာရင်းအင်းအဖွဲ့ရုံးနှင့် နေပြည်တော် စီမံကိန်းဦးစီးရုံးများသို့ သွားရောက်စစ်ဆေးသည်။
ပထမဦးစွာ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်ထောင်စုနယ်မြေ ဗဟိုစာရင်းအင်းအဖွဲ့ရုံးသို့ ရောက်ရှိပြီး အခြေခံစာရင်းများ စုစည်းရယူထားရှိရန်၊ စာရင်းကောက်ယူရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်၊ စာရင်းအင်းအချက်အလက်များနှင့် ကိန်းဂဏန်း အချက်အလက်များ ခိုင်မာမှုကို စိစစ်ဆောင်ရွက်သွားရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ စာရင်းကောက်ယူမှုများကို မြေပြင်နှင့်ကိုက်ညီပြီး အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေးနှင့် စုဖွဲ့လေ့ကျင့်ဆောင်ရွက်သွားရန် ဝန်ထမ်းများ ဝန်ထမ်းစည်မျဉ်း စည်းကမ်း နှင့်အညီ ပြုမူနေထိုင်သွားရန် လမ်းညွှန်မှာကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်ကောင်စီ၊ စီမံကိန်းဦးစီးရုံးသို့ သွားရောက်၍  တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စီမံကိန်းများ အကောင်အထည်ဖော်မှု များအပေါ် စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များ၏ စီမံကိန်းများရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိက ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များတွင် စနစ်တကျ ထည့်သွင်းနိုင်ရေးကို အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းများအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာဆောင်ရွက် သွားရန်တို့ကို လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ 
သတင်းစဉ်