စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံးများသို့ သွားရောက်စစ်ဆေး

နေပြည်တော်  ဒီဇင်ဘာ  ၁၂ 
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံးများသို့ သွားရောက်စစ်ဆေးသည်။
ပထမဦးစွာ ဒုတိယဝန်ကြီးသည် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့လိုက်ပါလျက် ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းမန်နေဂျာနှင့် မြို့နယ်မန်နေဂျာတို့က  ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ချေးငွေထုတ်ချေးမှုဆိုင်ရာကိစ္စရပ်များ၊ ချေးငွေကြွေးကျန်ကျဆင်းရေးဆောင်ရွက်ချက်များ၊ အလွဲသုံးစားမှုလျော့နည်းပပျောက်ရေးဆောင်ရွက်ချက်များ၊ တောင်သူလယ်သမားများနှင့် ကွင်းဆင်းထိတွေ့မှုများကိုရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အဓိကတာဝန်နှစ်ရပ်မှာ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်နှင့်လယ်ယာဖွံ့ဖြိုးရေးချေးငွေများကို ထုတ်ချေးရန်နှင့် ပြန်လည်ကောက်ခံရန်ဖြစ်ကြောင်း၊ ယင်းတာဝန်များကို ရေရှည်ဆောင်ရွက်နိုင်စေရန် ကြွေးဟောင်းပြေကျေမှ ကြွေးသစ်ပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ကြွေးဟောင်းများကောက်ခံရရှိရေးအတွက် နယ်မြေဒေသအုပ်ချုပ်မှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကြွေးကျန်လျော့နည်းကျဆင်းရေးစီမံချက်နှင့် အလွဲသုံးစားမှုလျော့နည်းပပျောက်ရေးစီမံချက်တို့ကို အောက်ခြေဝန်ထမ်းများ သိရှိနားလည်လိုက်နာရေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဘဏ်လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို ဂရုတစိုက်ဆောင်ရွက်ရန်၊ ဝန်ထမ်းအချင်းချင်းစည်းလုံး ညီညွတ်မှုရှိရေး၊ ဘဏ်အဆောက်အဦ သန့်ရှင်းသပ်ရပ်မှုနှင့် ဥပဓိရုပ်ကောင်းအောင် ဆောင်ရွက်ရေးတို့ကို မှာကြား၍ ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 
ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံးသို့ သွားရောက်စစ်ဆေးရာ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် လုပ်ထုံးလုပ်နည်းများပြဋ္ဌာန်းဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများကို ဆောင်ရွက်ပေးရကြောင်း၊ ပြည်တွင်းပြည်ပဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲရ 
သဖြင့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရေး၊ On-site နှင့် Off-site ပုံမှန်စစ်ဆေးကြပ်မတ်ရေး၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသူများ ဖြစ်စေရေး၊ လုံခြုံရေးနှင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို အမြဲမပြတ်ဂရုစိုက် ဆောင်ရွက်ရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုရှိရေးနှင့် ရုံးအဆောက်အဦ သန့်ရှင်းသပ်ရပ်မှုနှင့် ဥပဓိရုပ်ကောင်းအောင် ဆောင်ရွက်ရေးတို့ကို မှာကြား၍ ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်