ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရွာသာကြီးကုန်းတွင်းဆိပ်တွင် အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှုများအား စစ်ဆေး

 ရန်ကုန် ဒီဇင်ဘာ ၆
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် တာဝန် ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ် (အရှေ့ပိုင်း) ရွာသာကြီးရှိ ကုန်း တွင်းဆိပ် (DRY PORT) များ ဖြစ်သော KM DRY PORT နှင့် Resources Group DRY PORT များ၌ လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်စစ်ဆေးသည်။ 
KM DRY PORT နှင့် RG DRY PORT တာဝန်ရှိသူများက ကုန်းတွင်းဆိပ်များတွင် ကုန်ပစ္စည်း တင်သွင်း/တင်ပို့ခြင်း၊ အကောက်ခွန်ကုန်လှောင်ရုံအတွင်းသို့ ကုန်ပစ္စည်းများ ထည့်သွင်းခြင်း/ထုတ် ပေးခြင်းစသည့်လုပ်ငန်းဆောင်ရွက်နေမှုများ၊ တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား ကုန်လှောင် ရုံစီမံခန့်ခွဲသည့်စနစ်များ အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြ ပါသည်။
ထို့နောက် အကောက်ခွန်ဦးစီးဌာနမှတာဝန်ရှိသူက ကုန်းတွင်းဆိပ်တွင် ကုန်သေတ္တာများ တင်သွင်း/တင်ပို့မှုအခြေအနေများ၊ အကောက်ခွန်ကုန်လှောင်ရုံ (BONDED WAREHOUSE) ၌ တင်သွင်းကုန်ပစ္စည်းများနှင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ ထုတ်ပေးနေမှုအခြေအနေများနှင့် တင်ပို့မည့်ကုန်သေတ္တာများ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ကုန်းတွင်းဆိပ်နှင့် အကောက်ခွန် ကုန်လှောင်ရုံလုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကုန်းတွင်းဆိပ်များ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ရှင်းလင်းပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်ကစတင်ခဲ့သည့် ကုန်းတွင်းဆိပ်နှင့် အကောက်ခွန် ကုန် လှောင်ရုံလုပ်ငန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့မီးရထား၊ အကောက်ခွန်ဦးစီးဌာနတို့ လုပ်ငန်းဆက်စပ်ဆောင်ရွက်နေကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကုန်းတွင်းဆိပ်လုပ်ငန်းသည် ပြည်တွင်းအတွက်သာ ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက် နိုင်သည်အထိဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကုန်းတွင်းဆိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည့်အတွက် ဆက်စပ်လုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း၊ မိမိ တို့နိုင်ငံသည် ပထဝီအနေအထားအရ အရှေ့တောင်အာရှ၏ သယ်ယူပို့ဆောင်မှုလမ်းကြောင်းတွင် အချက်အချာကျဖြစ်သဖြင့် ရရှိနိုင်သည့် အခွင့်အလမ်းများကို ရယူအသုံးချနိုင်ဖို့ လိုအပ်ကြောင်း၊ 
အနာဂတ်တွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လိုက်ပါလုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် စက်မှုထုတ်ကုန်များ၊ စိုက်ပျိုးမွေးမြူရေးပို့ကုန်များ တိုးတက်ထုတ်လုပ်ရန် လိုအပ် ကြောင်း၊ ထွက်ရှိလာသည့် ထုတ်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် သယ်ယူပို့ဆောင် ရေးကဏ္ဍသည်လည်း မဖြစ်မနေလိုအပ်မှာ ဖြစ်ကြောင်း၊ ယခု ကုန်းတွင်းဆိပ်နေရာသည် ကုန်ထုတ် လုပ်မှုဇုန်အနီးဝန်းကျင်တွင် ရှိနေသည့်အတွက် အခွင့်အလမ်းများစွာ ရှိပါကြောင်း၊ တင်ပြချက်တွင် လည်း မန္တလေး (မြစ်ငယ်)မှ ရန်ကုန် (သီလဝါ) ဆိပ်ကမ်းသို့ ပို့ကုန်များအား ရထားဖြင့် တိုက်ရိုက် တင်ပို့ရန် စီစဉ်ဆောင်ရွက်နေပြီဟု သိရှိရပါကြောင်း၊ ထိုသို့တင်ပို့နိုင်ပါက ပို့ကုန်အခွင့်အလမ်း များစွာရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်း ကုန်သေတ္တာအသုံးပြု၍ ဆောင် ရွက်ပါက ပိုမိုအဆင်ပြေမည် ဖြစ်ပါကြောင်း၊ လက်ရှိအသုံးပြုနေသည့် E-Lock စနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုစေလိုကြောင်း၊ အနာဂတ်တွင် ကုန်းတွင်းဆိပ်၌ ကုန်ပစ္စည်းများ စစ်ဆေးနိုင်ရန်အတွက် X-Ray စက်များကို အသုံးပြုရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကဘက်ကလည်း အကောက်ခွန်ကုန်လှောင်ရုံလုပ်ငန်းများနှင့်ပတ်သက်၍ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ စည်းမျဉ်း စည်းကမ်းနှင့်အညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းအခက်အခဲများကို ရှိပါက ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ အနာဂတ်ကို မှန်းဆပြီး လုပ်ငန်းများ စနစ်တကျ ပြင်ဆင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလမ်းညွှန်မှာကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးသည် ကုန်းတွင်းဆိပ်များတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုလေ့လာခဲ့ပြီး လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်းသိရသည်။ 

(သတင်းစဉ်)