စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် ၊ ဩဂုတ် ၂၄ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၇) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့် ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၌ စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ်ဦး ချင်းကို ကျပ်သိန်း (၇၀၀) အထိ ချေးငွေများအား နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်ထိ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခု၊ မြို့နယ် (၁၈၇) ခုမှ တောင်သူ (၅၆၇၈) ဦးသို့ ချေးငွေကျပ် (၂၃၆၆၉၅.၁၇၈) သန်း ထုတ်ချေးပေးထားပြီး၊ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းတွင် တိုင်းဒေသ ကြီး/ပြည်နယ် (၇) ခုရှိ မြို့နယ် (၁၅) မြို့နယ်မှ တောင်သူ (၂၁) ဦးသို့ ချေးငွေကျပ် (၁၃၈၆.၆၅) သန်း ထုတ်ချေးခဲ့ပါကြောင်း၊ ချေးငွေရယူလိုသည့်တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ် ချေးနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ် ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်၊ ချေးငွေအစီအစဉ် တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြရန် စသည်တို့ကို ဆွေးနွေး မှာကြားပါသည်။ 

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန် ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးကြရာ တက်ရောက်သူများက လိုအပ်သည်များ အကြံပြုဆွေးနွေး ကြပါသည်။ 

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။ 
သတင်းစဉ်