အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

နေပြည်တော် ၊ ဩဂုတ် ၁၈ 

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၂/၂၀၂၃)  အစည်းအဝေးကို ယနေ့နံနက်(၁၁:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) အစည်းအဝေး ခန်းမ၌ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်း ဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍတွင် ၂၀၁၁ ခုနှစ်မှစ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပြဋ္ဌာန်းပြီးဆောင်ရွက်ခဲ့ရာ ဝင်ငွေနည်းပြည်သူများနှင့် MSME များအတွက် ကောင်းမွန်သောငွေကြေးဝန်ဆောင်မှုရရှိစေခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို ထိရောက်သောအထောက်အပံ့ဖြစ်စေခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ အထိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် အဖွဲ့အစည်းအနေဖြင့် INGO (၁) ဖွဲ့၊ NGO (၁) ဖွဲ့ ၊ ပြည်ပကုမ္ပဏီ (၅၅) ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ (၁၁၅) ဖွဲ့နှင့် အစုစပ်ကုမ္ပဏီ (၈) ဖွဲ့၊ စုစုပေါင်း (၁၈၀) ဖွဲ့ ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခုရှိ မြို့နယ်ပေါင်း (၂၆၆) မြို့ နယ်၊ ရပ်ကွက်ပေါင်း (၂၃၀၉) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၇၇၂၂) ရွာရှိ  အသင်းဝင်ဦးရေပေါင်း  (၃.၆) သန်းအား ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ဥပဒေ/စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၃၁) အရ INGO ၊ NGO အဖွဲ့ အစည်းများသည် အကျိုးအမြတ်ရယူသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိသဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ဖြင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက်နေသော INGO ၊ NGO အဖွဲ့အစည်းများအား ကုမ္ပဏီအဖြစ် ပြောင်းလဲခြင်းလုပ်ငန်းစဉ်များကို ခွင့်ပြုခဲ့ကြောင်း၊ PGMF (INGO) အဖွဲ့အစည်းသည် သတ်မှတ်ကာလအတွင်း ကုမ္ပဏီအဖြစ်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ ပြီးပြတ်ခြင်းမရှိသဖြင့် လုပ်ငန်းပိတ်သိမ်းရေးဆောင်ရွက်မည်ဖြစ်ကြောင်း ကြီးကြပ်မှုကော်မတီသို့တင်ပြမှုကို အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိသတ်မှတ်ထားသည့် ချေးငွေ အပေါ်ကောက်ခံသောအတိုးနှုန်းနှင့် စုဆောင်းငွေအပေါ်ပေးအပ်သော အတိုးနှုန်းတို့ကို ဝင်ငွေနည်းပြည်သူများ၏ လူမှုစီးပွားရေးဘဝနှင့်လိုက်လျောညီထွေဖြစ်စေရန် အတိုးနှုန်းပြင်ဆင် သတ်မှတ်ရန် သင့်-မသင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ပြောကြားပါသည်။ဆက်လက်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေး ကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ INGO ၊ NGO အသေးစားငွေရေးကြေး ရေးအဖွဲ့အစည်းများ ကုမ္ပဏီအဖြစ်ပြောင်းလဲဖွဲ့စည်းမှု၊ PGMF (INGO) အဖွဲ့အစည်း၏ လုပ်ငန်းပိတ်သိမ်းမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ အတိုးနှုန်းပြင်ဆင်သတ်မှတ်ရန် သုံးသပ်တင်ပြထားမှု၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ နယ်မြေတိုးချဲ့မှု၊ မတည်ငွေရင်းထည့်ဝင်မှု၊ အစုရှယ်ယာရှင်ပြောင်းလဲမှု၊ ဒါရိုက်တာဘုတ်အဖွဲ့ပြောင်းလဲမှုအပါအဝင် ကြီးကြပ်မှု ကော်မတီက ဆွေးနွေးဆုံးဖြတ်ရန်အချက်များအား ရှင်းလင်းတင်ပြပါသည်။ 

ဆက်လက်၍ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းမှ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးတည်ဆောက်မှု သင်တန်းများဖွင့်လှစ်ပို့ချမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု နှင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများ၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြပါသည်။ 

ထို့နောက် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များ အောင်မြင်စေရန် အသေးစား ငွေရေးကြေးရေးကဏ္ဍမှ အထောက်အကူပြုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အရေးပါပြီး ဝင်ငွေနည်းပြည်သူများနှင့် MSME များအတွက် အဓိကငွေကြေးဝန်ဆောင်မှုပေးနေသည့် အသေးစားငွေရေးကြေး ရေးလုပ်ငန်းများ၏ ဆောင်ရွက်မှုများအား အသိအမှတ်ပြုပါကြောင်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ငွေကြေးဝန်ဆောင်မှုမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။                                                                        

 သတင်းစဉ်