ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော်  မေ ၃၀ 

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မေလ ၂၉ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ပြည်နယ်ရုံး)သို့ သွားရောက်၍ ဝန်ကြီးဌာနလက်အောက်မှ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပင်စင်ဦးစီးဌာနတို့မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ယင်းသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စီမံကိန်းလျာထားချက်များအား အောင်မြင်စွာအကောင်အထည်ဖော်ရေးနှင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသောချေးငွေများ ထုတ်ချေးနိုင်ရေး၊ ငွေရေးကြေးရေးဆိုင်ရာဆောင်ရွက်သည့်အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း၊ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ ဆောင်ရွက်ရေး၊ ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ရေးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ အခြားသောဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဌာနများမှတင်ပြလာသော ဝန်ထမ်းရေးရာကိစ္စရပ်များ၊ သက်သာချောင်ချိရေးကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ စသည်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်