မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ်အစည်းအဝေး (၄/၂၀၂၂-၂၀၂၃) ကို  ယနေ့ (နေ့လည်ပိုင်း) တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းအဖွဲ့ဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် အမှာစကားပြောကြားပါသည်။ ဒုတိယဝန်ကြီးက   ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် လိုအပ်သောရန်ပုံငွေ (Source of Fund) ရရှိနိင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြခဲ့ရာ ခွင့်ပြုခဲ့ပါကြောင်း၊ တစ်ဖက် တွင်လည်း ဆီစက်လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးနိုင်ရေး နိုင်ငံပိုင်သတင်းစာများမှ အသိပေး ကြေညာဆောင်ရွက်လျက်ရှိကြောင်း၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေအတွက် အတိုးနှုန်းနှင့် ချေးငွေဆိုင်ရာစည်းကမ်းချက်များသတ်မှတ်ပြီး၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ဘဏ်များက အချိတ်အဆက်မိမိဖြင့် ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆီစက်လုပ်ငန်းများအတွက် ချေးငွေလုပ်ငန်းစဉ်များ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် ဆွေးနွေးပြောကြားပါသည်။ ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက လုပ်ငန်းဆောင်ရွက်ထား ရှိမှုများအပေါ် ရှင်းလင်းတင်ပြပြီး၊ လုပ်ငန်းအဖွဲ့ဝင်များက ချေးငွေအတွက် အတိုးနှုန်း၊  ဘဏ္ဍာရေး လုပ်ငန်းဆိုင်ရာလုပ်ထုံး၊ လုပ်နည်းစည်းမျဉ်းအရ ဘဏ္ဍာရန်ပုံငွေထူထောင်ခြင်း၊ ချေးငွေသက်တမ်း နှင့် ချေးငွေပြန်ဆပ်ကာလတို့နှင့်စပ်လျဉ်းသည့် ချေးငွေလုပ်ငန်းစဉ်များ၊ ဆီစက်လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှုများအပေါ် လုပ်ငန်းအဖွဲ့ဥက္ကဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး လိုအပ်သောဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်းနှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍတစ်ရပ်အနေဖြင့်ပါဝင်သော ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးကိစ္စအတွက် အတိုးနှုန်းသက်သာပြီး ရေရှည်ခိုင်မာစွာ ထုတ်ချေးနိုင်မည့်အစီအစဉ်တစ်ရပ်ကို လုပ်ငန်းအဖွဲ့က ဖော်ထုတ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)