ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်းအမှတ်စဉ် (၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းခြင်းအပေါ် မူတည်လျက်ရှိကြောင်း၊ ထို့ကြောင့် ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ်ရှိရန်နှင့် ယင်းစနစ်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ ယင်းရည်ရွယ်ချက်များဖြင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် အခြေခံသင်တန်း၊ အထူးကာလတိုသင်တန်း များအပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း (၃) ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း သင်တန်းသား/သင်တန်းသူ (၁၁၅) ဦးအား သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊

 

ယခုဖွင့်လှစ်ပို့ချမည့်သင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသိကောင်းစရာများ၊ မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ပြုပြင်ပြောင်းလဲရေး၊ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေနှင့်ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည်များစာရင်း လျာထား ဆောင်ရွက်ခြင်းနှင့် စာရင်းပြုစုခြင်း၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှု နှင့် အရအသုံးခန့်မှန်းခြေ ရေးဆွဲတင်ပြရာတွင် လိုက်နာရမည့်အချက်များ၊ ပြည်ပချေးငွေနှင့် ပြည်ပအကူအညီရယူခြင်း၊ နိုင်ငံခြားငွေသုံးစွဲခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များ၊ စီမံကိန်း စိစစ်ခြင်းနှင့်စောင့်ကြည့်ကြီးကြပ်ခြင်း၊ ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးသတင်းအချက် အလက်များ၊ စာရင်းပေါင်းချုပ်ပြုစုရေးနှင့်အစီရင်ခံခြင်း၊ ဘဏ္ဍာရေးစာရင်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းစသည့် ဘာသာရပ်များကို သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် ဆွေးနွေးပို့ချသည့် သင်ခန်းစာများအပေါ် စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်ကျင့်သုံးဆောင်ရွက် ကြရန်နှင့် နိုင်ငံတော်၏ ဦးစားပေးမူဝါဒအရဆောင်ရွက်မည့် စီးပွားရေးကဏ္ဍများကို ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစွမ်းရည်ဖြင့် ပံ့ပိုးဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း စသည်ဖြင့့် ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင် တန်းကျောင်း၊ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာန အကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ယနေ့ဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်းအမှတ်စဉ် (၄) သို့ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း သင်တန်းသား/သင်တန်းသူ (၃၂) ဦး တက်ရောက် ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်