စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၊ ဩဂုတ် ၂၆

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်းဦးဆောင်ကော်မတီ၏ (၂၃) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့၊  နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။

အစည်းအဝေးတွင် စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မှာကြားရာတွင် JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး စီမံကိန်း တန်ဖိုးမှာ ကျပ် ဘီလီယံ (၂၀၀) ခန့်ရှိကာ ဆိုင်းငံ့ကာလ (၁၀) နှစ်၊ ပြန်ဆပ်ကာလ နှစ် (၃၀)၊ စုစု ပေါင်း နှစ် (၄၀) သက်တမ်းရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ် လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံ၊ အလုပ်ရုံများတည်ဆောက်နိုင်ရန် အတိုးနှုန်းသက်သာသည့်ချေးငွေများကို တောင်သူတစ်ဦး ချင်းအား ကျပ် သိန်း (၇၀၀) ထိ နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ်စနစ်များဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၁၈၇) ခုမှ တောင်သူ (၅၅၈၇) ဦးသို့ ချေးငွေကျပ် (၂၃၀.၅၉၉) ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ချေးငွေရယူထားသည့် တောင်သူများမှ အချိန်စေ့အရစ်ကျ ပြန်ဆပ်သည့်ငွေကို ချေးငွေရယူလိုသည့်တောင်သူအသစ်များသို့ စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ချေးငွေအစီစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ ၏ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် စဉ်ဆက်မပြတ် Evaluation & Monitoring ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ်ပူးပေါင်းဆောင် ရွက်သွားရန် စသည်တို့အား ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန် ရှိသူများက JICA, Two Step Loan ချေးငွေထုတ်ချေးထားမှု အခြေအနေနှင့် စက်ကိရိယာများ တောင်သူများလက်ဝယ်အရောက် ပေးအပ်မည့်ကိစ္စ၊ ဆက်လက်ထုတ်ချေးမည့် အခြေအနေတို့ကို တင်ပြဆွေးနွေးကြပါသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်