နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေထိုင်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များတွင် အငှားအိမ်ရာများ တည်ဆောက်သွားနိုင်ရန် ဖွဲ့စည်းသော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်ကျရာ ဒေသများမှာ အိမ်ငှားခဈေးနှုန်းသက်သာစွာဖြင့် နေထိုင်ခွင့်ရရှိစေရန် ပြည်သူ့အငှား အိမ်ရာ၊ ဝန်ထမ်းအငှားအိမ်ရာများကို တည်ဆောက်ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများသာမက အငြိမ်းစားဝန်ထမ်းများအတွက်ပါ အကျုံးဝင်သည့် အိမ်ရာများကိုလည်း စဉ်းစားဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အိမ်ရာများကို တည်ဆောက်ဖြည့်ဆည်းရာတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများပါဝင်လာရန် လိုအပ်ပါကြောင်း၊ အိမ်ရာကဏ္ဍစနစ်တကျ အထောက်အပံ့ပေးနိုင်လျှင် ပြည်သူများ၏လူမှုစီးပွားရေးဘဝတိုးတက်စေရန် အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်း၊ အိမ်ရာတည်ဆောက်မှု၊ နေရာချထားမှု၊ ပြုပြင်ထိန်းသိမ်းမှုတို့ကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြည်သူများအတွက် အိမ်ရာဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လုပ်ငန်းကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးရန် ပြောကြားပါသည်။
ဆက်လက်၍ ဦးစီးကော်မတီအတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်မှ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်ဝန်များ နှင့်တိုင်းဒေသကြီး/ပြည်နယ်များမှ Video Conferencing ဖြင့် ဒေသအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များမှ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေးကိစ္စအဆင်ပြေစေရန် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို ၂၀၁၇ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် အိမ်ခန်း (၅၂၀) ၊ ရန်ကုန်မြို့တွင် အိမ်ခန်း (၄၇၆)၊ မန္တလေးမြို့တွင် အိမ်ခန်း (၅၀၀) တည်ဆောက်နိုင်ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ (သတင်းစဉ်)

နေပြည်တော်၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်

Tags: Minister