ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း သည် ကယား ပြည်နယ်သို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SMEs ချေးငွေကိစ္စရပ်များအား လွိုင်ကော်မြို့၌ တွေ့ဆုံဆွေးနွေး

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည်  ယနေ့နံနက် ၉ နာရီတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းများ ရေးဆွဲရာ၌   ပြည်သူများအား အဓိက အကျိုးသက်ရောက်မှုရှိသော စီမံကိန်းများ ဖြစ်စေ ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွား‌ရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု မြန်မာ နိုင်ငံ တည်ဆောက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ ဘက်ညီစွာ ဖြိုးတိုးတက်ရန် လိုကြောင်း၊ ပြည်သူ့အသံကို နားထောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၏ စနစ်တကျ အဆိုပြု ပြင်ဆင်တင်ပြထားသည့် စီမံကိန်းရေးဆွဲမှု Regional Development Plan ရေးဆွဲရမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်သည် ပထဝီအနေအထားအရ  ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် အလားအလာ ကောင်းများစွာကို ပိုင်ဆိုင်ထားပါကြောင်း၊ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းမည်ဆိုပါက ပိုမိုဖွံ့ဖြိုး တိုးတက်မည်ဟု ယုံကြည်ပါကြောင်းဖြင့် တိုက်တွန်း ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ပြည်နယ်အဆင့် အရာထမ်းများနှင့် တွေ့ဆုံကာ သက်ဆိုင်ရာ ဝန်ကြီး ဌာနအလိုက် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍရေးနှစ်အတွက် ထိရောက်အကျိုးရှိမည့် စီမံကိန်း များအား ရေးဆွဲ၍ သက်ဆိုင်ရာဝန်ကြီးဌာနအား တင်ပြကြရန် လိုအပ်ကြောင်း၊ ပြည်နယ် အစိုးရမှ အသေးစိတ် စစ်ဆေးအတည်ပြုပြီးသော တင်ပြချက်များအဖြစ်  စီမံကိန်း ဥပဒေ အား ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ဘတ်ဂျက်နှစ် အကူးအပြောင်း ကာလအတွင်း  ရေးဆွဲ တင်ပြရမည်ဖြစ်၍ ယခုအချိန်မှ စတင် ရေးဆွဲစေလိုကြောင်း ပြောကြားခဲ့ပါ သည်။

          ထို့နောက် ကယားပြည်နယ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေများ တိုးတက်ရေးဆိုင်ရာ စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စိုက်ပျိုးရေး/ မွေးမြူရေး/ SMEs ချေးငွေကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၊ ဟိုတယ် နှင့်ခရီးသွားလာရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံပွဲအား စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအရာထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

(သတင်းစဉ်)