တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ပိုမိုအရေးပါ သည့် အခန်းကဏ္ဍမှ ဦးဆောင် ရေးဆွဲနိုင်မှ ဖက်ဒရယ်စနစ်ကို အခြေပြုသည့် စီမံကိန်းများ ဖြစ်မည်

, , , ,

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၏ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) ကို ယနေ့ နံနက် ၉ နာရီတွင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက် အဖွင့် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးမှ ယခင်က စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရာတွင် ဗဟိုမ ှရေးဆွဲပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ဦးဆောင် ရေးဆွဲနိုင်မှ ဖက်ဒရယ်စနစ်ကို အခြပြုသည့် စီမံကိန်းများဖြစ်လာမည် ဖြစ်ကြောင်း၊ ပြောင်းလဲနေသည့် စီးပွားရေး ဆိုင်ရာ အချက်အလက်များနှင့်အညီ ပကတိအခြေအနေကို ထင်ဟပ်သည့် အနီးစပ်ဆုံး ကိန်းဂဏန်း များဖြင့် တွက်ချက်တိုင်းတာ၍ စီမံကိန်းများ ရေးဆွဲရန်လိုကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ကျယ်ပြန့်လာသည် နှင့်အမျှ နိုင်ငံတော်အနေဖြင့် ထောက်ပံ့ကူညီပေးနိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိလူဦးရေနှင့် အခြေခံ စားသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှု၊ ပြည်တွင်းစားသုံးမှုတို့ကို အခြေခံဆောင်ရွက်ခြင်းဖြင့် စားသုံးကုန်ပစ္စည်းများ ပြည်ပမှ တင်သွင်းနေရမှုကို လျှော့ချနိုင်ရုံသာမက ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများကို သုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ စာရင်းအင်း ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်၍ စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များ ကွဲလွဲမှုကို တဖြည်းဖြည်း လျှော့ချနိုင် အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဗဟိုမှချမှတ်သော မူဝါဒနှင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက်ဆောင်ရွက်လိုသော လုပ်ငန်းစီမံကိန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်မှ ဖက်ဒရယ်စနစ်ကို အခြေခံရေးဆွဲသည့်  စီမံကိန်းများ ဖြစ်လာမည် ဖြစ်ကြောင်း၊

ကဏ္ဍအလိုက်၊ ဒေသအလိုက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်နိုင်သည့် စီမံကိန်းများကို ကြိုးစားအားထုတ်မှု မြှင့်တင်၍ ဆောင်ရွက်ရန် လိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးများအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍ မှပါဝင်နေရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲရာတွင် အထူးအလေး ထားပါဝင်ဖြည့်စွက် ရေးဆွဲပေးစေလိုကြောင်း ပြောကြားသည်။

ထိုနောက် ဒုတိယဝန်ကြီး ဦးဆက်အောင်က စာရင်းအင်းများသည် စီမံကိန်းရေးဆွဲရာတွင် သာမက Monitoring and Evaluation ပြုလုပ်ရာတွင်လည်း မရှိမဖြစ် လိုအပ်ကြောင်း၊  စာရင်းအင်း များ ရရှိအောင် ဆောင်ရွက်ရာတွင် တရားဝင် ထုတ်ပြန်သော စာရင်းအင်းများ (Secondary Data) ကို တောင်းခံ ဆောင်ရွက်ခြင်းသာမက စစ်တမ်းများ ကောက်ယူ၍ အခြေခံ စာရင်းအင်းများ (Primary Data) ရရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စစ်တမ်းများ ကောက်ယူရာတွင်လည်း ကျပန်း နမူနာများ စနစ်တကျသတ်မှတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ထုတ်လုပ်မှု၊ စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများကို Time Line များ ရေးဆွဲ၍ စစ်တမ်းများ ကောက်ယူ ဆောင်ရွက်နိုင် မှ ပကတိ အခြေအနေကို ထင်ဟပ်သည့် စာရင်းအင်းများ ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Regional Development Plan) ရေးဆွဲရာတွင် ဦးစားပေး ထည့်သွင်းဆောင်ရွက်သင့်သည့် စီမံကိန်းများနှင့်  ဗဟိုမှ ချမှတ်ထားသည့် မူဝါဒများ ပေါင်းစပ်ညှိနှိုင်း ရေးဆွဲနိုင်မည့် အခြေအနေများအား နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများက လည်းကောင်း၊ ဦးစီးဌာန/ အဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များက လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၁/၂၀၁၈ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ညှိနှိုင်း အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာန/အဖွဲ့များမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃