စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူကို လက်ခံတွေ့ဆုံ

ဂျပန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမြင့်သူသည် မြန်မာသံရုံး၊ တိုကျိုမြို့သို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်း မပြုမီ နေ့လယ် (၁၃:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆)၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် ကိစ္စ ရပ်များ၊ ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ Project Bank နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ အခွန်ပြုပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ ဂျပန်နိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ  အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဩဂုတ်  ၂၂ ရက်

(သတင်းစဉ်)