“International Practices in SDGs Implementation Workshop” ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals-SDGs) အကောင်အထည်ဖော်ဆောင်ရာ တွင် ကျင့်သုံးလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလေ့အကျင့်ကောင်းများအား မြန်မာဘာသာသို့ ပြန်ဆိုပြီးဖြစ်ပါသဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုစီမံကိန်းများအား အကောင်အထည်ဖော်ဆောင် လျက်ရှိသည့် ဝန်ကြီးဌာနအဖွဲ့အစည်းများသို့ ဖြန့်ဝေပေးနိုင်ရန်နှင့် SDGs အကောင်အထည် ဖော်မှုနှင့် စပ်လျဉ်း၍ Cambodia၊ Laos၊ Myanmar၊ Vietnam (CLMV) နိုင်ငံများ၏ အတွေ့အကြုံ၊ အလေ့အကျင့်များအား ဆွေးနွေးဖလှယ်ရန်အတွက် “International Practices in SDGs Implementation Workshop”ကို ၂၀၁၈ ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့တွင် Park Royal Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ လက်ထောက်အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိ သူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ MSDP တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးတည်ငြိမ်အားကောင်းစေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးဟူ၍ ရည်မှန်းချက် သုံးခုပါရှိပါကြောင်းနှင့် ငြိမ်းချမ်း၍ သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးမှာ အဓိကရည်မှန်းချက် ဖြစ်ပါကြောင်း၊ MSDP သည် SDGs နှင့် များစွာ ကိုက်ညီမှုရှိပါကြောင်း၊ MSDP တွင် ဒေသအဆင့်ဦးစားပေးခြင်းနှင့် အမျိုးသားအဆင့် ဦးစားပေးခြင်းတို့ပါဝင်ပါကြောင်း၊ MSDP တွင် မဏ္ဍိုင် (၃) ရပ်၊ ပန်းတိုင် (၅) ခု၊ မဟာဗျူဟာ (၂၈) ခုနှင့် လုပ်ငန်းစီမံချက် (၂၅၁) ခု ရှိပါကြောင်း၊ သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ဖော်ဆောင်ရာတွင် အခြေခံ အုတ်မြစ်တစ်ခုလည်းဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်များရေးဆွဲရာတွင် ယနေ့ဆွေးနွေးပွဲမှရရှိသော အခြားနိုင်ငံများ၏ အတွေ့အကြုံများနှင့် လုပ်ဆောင်ချက်များသည် SDGs အကောင်အထည် ဖော်ဆောင်ရေးအတွက် လမ်းညွှန်ချက်များ ဖြစ်ပါကြောင်းနှင့် “No One Left Behind” “မည်သူမျှနောက်တွင်မကျန်ခဲ့စေရ” ဟူသော ဆောင်ပုဒ်နှင့်အညီ ငြိမ်းချမ်းသာယာပြီး တိုးတက် ကောင်းမွန်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။    

ဆက်လက်၍ Embassy of the Federal Republic of Germany မှ Head of Development Cooperation ဖြစ်သူ Dr. Katharina Spiess မှ ယခုကဲ့သို့ နိုင်ငံတကာ၏ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းများနှင့် အတွေ့အကြုံများဖလှယ်ပွဲ ဖြစ်မြောက်အောင် ဆောင်ရွက် ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် SDGs ကို ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျာမနီနိုင်ငံသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် SDGs မဟာဗျူဟာများကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် ဒေသအတွင်း တာဝန်ရှိသူများ ပါဝင်သည့်အတွက် (၂၀၃၀) အစီအစဉ် ဆောင်ရွက်ရာတွင် များစွာအကူအညီ ရရှိမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် Asia-Europe Foundation (ASEF) မှ Deputy Executive Director ဖြစ်သူ Mr. Sun Xiangyang၊ Hanns Seidel Foundation Vietnam (HSF) ၏ Resident Representative ဖြစ်သူ Mr. Achim Munz တို့မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။

          ထို့နောက် Myanmar Development Institute (MDI) မှ Senior Operations Specialist ဖြစ်သူ ​ဒေါ်သီတာနွဲ့ မှ “Myanmar National Process of SDGs Implementation”နှင့် စပ်လျဉ်း၍လည်းကောင်း၊ Asia-Europe Foundation (ASEF) ၏ Project Officer ဖြစ်သူ Ms. NurA’in A.Razak မှ “Asia-Europe Environment (ENV forum) and its Involvement in the 2030 Agenda Implementation” နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ လာအိုနိုင်ငံ၊ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Kalouna Nanthavongduangsy နှင့် Hanns Seidel Foundation Vietnam ၏Project Manager ဖြစ်သူ Ms. Thu Trang Nguyen တို့မှ “SDGs Implementation–Voluntary National Review Experiences” နှင့် စပ်လျဉ်း၍  လည်းကောင်း၊ Institute for Global and Environmental Strategies (IGES) ၊ Sustainability Governance Centre ၏ Senior Policy Researcher ဖြစ်သူ Mr. Simon Hoiberg Olsen မှ “SDGs Implementation–International Case Studies” နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ခဲ့ပါသည်။

          ထို့နောက် Asia-Europe Foundation (ASEF) ၏ Project Manager ဖြစ်သူ Ms. Grazyna Pulawska မှ “Introduction to the Implementation Guide”  နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် နှင့် General Statistics Office (GSO) Vietnam၊ Methodology and IT Department ၏ ဒုတိယ ညွှန်ကြားရေးမှူး Mr. DinhKhuyen Nguyen တို့မှ “Setting up National Follow up and Review Mechanisms” နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ စားပွဲဝိုင်းဆွေးနွေးပွဲ (Round Table Discussion) ကို ဗဟိုစာရင်းအင်း အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ ဦးဆောင်၍ “Issues and Way Forward for practical implementation of SDGs” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ရာ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ Asia-Europe Foundation (ASEF) နှင့် Institute for Global and Environmental Strategies (IGES) အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများမှ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသူများမှ သိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်နှင့် Asia-Europe Foundation (ASEF) မှ Deputy Executive Director ဖြစ်သူ Mr. Sun Xiangyang တို့မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ညနေ (၅:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်။ (သတင်းစဉ်)

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်

, ,