အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ၊ မေ ၁၉

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၂) ကြိမ်မြောက်(ပုံမှန်)အစည်းအဝေး (၂/၂၀၂၃)ကို ယနေ့၊ မွန်းလွဲ ၂ နာရီတွင် ရုံးအမှတ်(၃၄)ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် ဦးစွာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားပြီး အတွင်းရေးမှူး နှင့် တာဝန်ရှိသူများက ယခင်အစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အသက်အာမခံအမျိုးအစားသစ် ဆောင်ရွက်ခွင့်ပြုရန်ကိစ္စ၊ ကော်ပိုရိတ်အထွေထွေအာမခံကိုယ်စားလှယ်အဖြစ် လျှောက်ထားလာသူများအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရေးကိစ္စရပ်တို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး၊ ဌာနတွင်း အာမခံကိုယ်စားလှယ် လေ့ကျင့်ရေးစင်တာ တည်ထောင်ခွင့်ပြုရေး၊ အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးရေး၊ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံပေါ်လစီတွင် ဆေးရုံတက်စရိတ်အကျိုးခံစားခွင့်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ၆ လ ထပ်ဆောင်းပေးအပ်ရေးနှင့် ရုံးခွဲသစ်ဖွင့်လှစ်ခွင့်ပြုရေးကိစ္စတို့ကို မှတ်တမ်းတင် အတည်ပြုခဲ့ကြသည်။ 

ယခုအခါ မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံ ကုမ္ပဏီ ၅ ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ ၉ ခု၊ ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ ၆ ခုနှင့် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုတို့မှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံကုမ္ပဏီများမှ အသက်နှင့် အထွေထွေအာမခံအမျိုးအစားပေါင်း ၄၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်းနှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် အာမခံကုမ္ပဏီများက အဆိုပြုတင်ပြလာကြသော အသက်အာမခံနှင့် အထွေထွေအာမခံအမျိုးအစားသစ်များကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး မြန်မာ့အာမခံလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်