ဂျီ-၂၀ နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှုအစီအစဉ်အရ ချေးငွေများကို မြီရှင်နိုင်ငံများသို့ စေ့ရောက်ရက်အလိုက် ပြန်လည်ပေးဆပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

         ဂျီ-၂၀ နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှုအစီအစဉ် (Debt Service Suspension Initiative –DSSI) တွင် ပါဝင်သည့် ချေးငွေများကို မြီရှင်နိုင်ငံများသို့ စေ့ရောက်ရက်အလိုက် ပြန်လည် ပေးဆပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၂၆)တွင် မေလ ၁၇ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ဂျီ-၂၀ နိုင်ငံများ၏ ကြွေးမြီရွှေ့ဆိုင်းမှုအစီအစဉ်အရ ၂၀၂၀ ပြည့်နှစ်၊ မေလမှ ဒီဇင်ဘာလအထိနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ များနှင့် စပ်လျဉ်း၍ မြီရှင်နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် အခြေအနေ၊ ပြန်လည် ပေးဆပ်ရမည့် အရင်းနှင့် အတိုးများအတွက် ဘတ်ဂျက်လျာထားမှု အခြေအနေ၊ ပြန်လည် ပေးဆပ်ရန် ဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊  ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် ကြွေးမြီရွှေ့ဆိုင်းမှုအစီအစဉ်တွင် ပါဝင်သည့်ချေးငွေများအား  စေ့ရောက်ရက်အလိုက် ပြန်လည်ပေးဆပ်ရန်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြားပါသည်။

          ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဝန်ကြီးဌာနအလိုက် မြီရှင်နိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် အရင်းနှင့် အတိုးများအတွက် ဘတ်ဂျက်လျာထားမှု အခြေအနေ၊ ပြန်လည်ပေးဆပ်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ငွေတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။