ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း သီကီရ်ရေလှောင်တမန်စီမံကိန်းသို့ သွားရောက်

, , , ,

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၁၀ နာရီတွင် ထန်တလန်မြို့နယ်၊ သီကီရ်ကျေးရွာ အနီးရှိသီကီရ် ရေလှောင်တမန် စီမံကိန်းသို့ သွားရောက်ရာ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ သဘာဝအခြေခံသော အပန်းဖြေစခန်းအဖြစ် အဆင့်မြှင့်တင် နိုင်ရေးအတွက် စိမ်းလန်းစိုပြည်၍ ရာသီအလိုက် လှပသော သစ်ပင်များ စိုက်ပျိုး သွားရန်နှင့် ‌ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သီကီရ်ကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆု့ခဲ့သည်။

သီကီရ် ရေလှောင်တမံစီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ဖော်ထုတ်ပေးထားသည့် စိုက်ပျိုးမြေဧရိယာ(၅၅၀) ဧကခန့် အား စိုက်ပျိုးရေပေးဝေနိုင်ခြင်း၊ သီကီရ်ကျေးရွာနှင့် အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများ သောက်သုံးရေ ရရှိနိုင်ခြင်း၊ အသေးစားရေအားလျှပ်စစ် (၅၀) ကီလိုဝပ် ထုတ်လုပ် နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေခြင်းစသည့် အကျိုးကျေးဇူးများကို အချိန်တိုအတွင်း ဆောလျင်စွာ ရရှိခံစားနိုင်မည်ဖြစ်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထန်တလန်မြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး မြို့သာယာလှပရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ဟားခါး၊ မတ်လ ၁၁

(သတင်းစဉ်)