ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မြန်မာနိုင်ငံရ င်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးနှင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး (ရုံးသစ်)များသို့ သွားရောက်စစ်ဆေး

, ,

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်​ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကော်မရှင်မှ ခွင့်ပြုပြီး လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျ ကြီးကြပ်ရန်၊ ခွင့်ပြုမိန့်ရရှိပြီးနောက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက် ငွေ၊ ပစ္စည်းများ တင်သွင်းမှု အခြေအနေများ စိစစ်ရန်၊ လုပ်ငန်းစတင်ရန် ကြိုးစားစဉ် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်၊ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အကြောင်းကြောင်း ကြောင့် လုပ်ငန်းရပ်ဆိုင်းနေမှုများရှိက ရင်းနှီးမြှုပ်နှံသူများ၏ အခက်အခဲများအား ကူညီဆောင်ရွက်ရန် တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကုမ္ပဏီစာရင်းများကို အင်္ဂလိပ်အက္ခရာအလိုက် တာဝန်ခွဲဝေထားရန် လိုကြောင်း၊ ဖွဲ့စည်းရေးကုမ္ပဏီကဒ်ပြားများကို ပြန်လည်ထုတ်ပေးရာတွင် အလှည့်ကျပေးခြင်းမျိုး မဟုတ် ဘဲ သတ်သတ်မှတ်မှတ် ပေးရန်လိုကြောင်း၊ အဂတိလိုက်စားမှု မရှိဘဲ အလုပ်တာဝန်များကို သစ္စာရှိရှိ ဆောင်ရွက်ရန် လိုကြောင်းဖြင့် မှာကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန အဝင် ဂိတ်အတွင်း ဧည့်ဝင်မှတ်တမ်းအား Integrated Digital ID Card System စနစ်ဖြင့် ဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ရုံးအဆောက်အဦ အကြီးစားပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဒီဇင်ဘာ ၁

(သတင်းစဉ်)