
နေပြည်တော် ဇွန် ၁၂
ထိရောက်သည့် အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ စီမံချက်ရေးဆွဲပြုစုတင်ပြရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများ၊ အခွန်ကောက်ခံသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယခုအစည်းအဝေးကျင်းပရခြင်းမှာ နှစ်စဉ်အခွန်လျာထားတွက်ချက်ရာ တွင် နိုင်ငံ၏စီးပွားရေးညွှန်းကိန်းများဖြစ်သည့် ဂျီဒီပီနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ထည့်သွင်းတွက်ချက်လျာထားရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အခွန်ရငွေနှင့်ဂျီဒီပီအချိုး တိုးတက်ရရှိစေရေး တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရည်မှန်းဂျီဒီပီနှင့် ကောက်ခံရန်လျာထားသည့် အခွန်ရငွေတိုးတက်ရရှိစေရေးနှင့် ထိရောက်သည့်အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက်ဆောင်ရွက်မည့်အစီအမံများကို ဖော်ဆောင်နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ အခွန်ကောက်ခံရရှိမှုတိုးတက်စေရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်အခွန်များအပြင် အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှကောက်ခံသည့် အခွန်အခများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကောက်ခံသည့်အခွန်အခများကိုလည်း တိုးတက်ကောက်ခံရရှိရေးအတွက် အခွန်ကောက်ခံမှုပုံစံများကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် အခြားနိုင်ငံများနည်းတူ ပစ္စည်းခွန်ကဲ့သို့ ဒေသန္တရအစိုးရများက ကောက်ခံသည့် အခွန်အခများကိုလည်း ထိရောက်စွာကောက်ခံနိုင်မည်ဆိုပါက ဘဏ္ဍာရေးလိုငွေပြမှုများကို လျှော့ချနိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်လာနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိကောက်ခံနေသော အခွန်နှုန်းထားကို တိုးမြှင့်ခြင်းမရှိဘဲ အခွန်အရင်းအမြစ်ကို ကျယ်ပြန့်အောင် တိုးချဲ့ဆောင်ရွက်စေခြင်းဖြင့် အခွန်ရငွေသိသိသာသာ တိုးတက်လာနိုင်ရေးအတွက် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် ပြောကြားသည်။
ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအခွန်စနစ်၊ ပြည်ထောင်စုအဆင့်တွင် နေပြည်တော်ကောင်စီနှင့် ဝန်ကြီးဌာန (၁၀) ခုတို့မှ ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ကောက်ခံသည့် အခွန်အခများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်အခွန် ကောက်ခံရန်လျာထားချက်၊ ထိရောက်သည့် အခွန်စနစ် ဖြစ်ပေါ်လာစေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သုံးသပ်လေ့လာတွေ့ရှိချက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ်များအစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများက မိမိတို့ဒေသတွင်း အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စု၏ အခွန်အကောက်များကောက်ခံသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အခွန်ကောက်ခံရရှိမှု အခြေအနေများကိုလည်းကောင်း တင်ပြဆွေးနွေးကြပါသည်။ အခွန်နှင့် ဂျီဒီပီအချိုး တိုးမြှင့်ရရှိရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အခွန်ကောက်ခံမှုများ ပိုမိုအဆင်ပြေထိရောက်မှုရှိစေရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် အခွန်ထမ်းပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အခွန်ကောက်ခံမှုတိုးတက်ရရှိရေးစီမံဆောင်ရွက်ကြရန် ဖြည့်စွက်ဆွေးနွေပြီး၊ နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်