ရခိုင်ပြည်နယ်၊ ဗဟိုစာရင်းအင်းအဖွဲ့ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ဗဟိုစာရင်းအင်းအဖွဲ့၏ စာရင်းအင်းဥပဒေ၊ နည်းဥပဒေများအသိပညာ မြှင့်တင်ရေးဆွေးနွေးပွဲကို ၈-၃-၂၀၂၂ ရက်နေ့(အင်္ဂါနေ့)၊ နေ့လည် (၂:၀၀) နာရီတွင် ရခိုင် ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပခဲ့ရာ ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးများ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွား ရေးရာဝန်ကြီး ဦးစံရွှေမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။    

            ဆွေးနွေးပွဲတွင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စာရင်းအင်းဥပဒေကို ပြဋ္ဌာန်း ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် စာရင်းအင်းနည်းဥပဒေများကို ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါစာရင်းအင်းဥပဒေနှင့်နည်းဥပဒေများ သက်ဝင်ကျင့်သုံးလာစေရေး၊ အမျိုးသား စာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သည့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကြား စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် စေရေးနှင့် စာရင်းအင်းလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်နိုင်‌စေ ရေးတို့ကိုရည်ရွယ်၍ စာရင်းအင်းဥပဒေနှင့်နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊

          နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းရန် အထူး လိုအပ်ပါကြောင်း၊ ပြည့်စုံမှန်ကန်ပြီးယုံကြည်ကိုးစားနိုင်သော စာရင်းအင်းအချက်အလက်များ ရရှိမှသာ နိုင်ငံအတွက်လိုအပ်သော လူမှုရေး၊ စီးပွားရေးမူဝါဒများ၊ စီမံကိန်းများ ချမှတ်ဆောင် ရွက်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည့်စုံတိကျ မှန်ကန်ပြီး ယုံကြည်ကိုးစားနိုင်သော စာရင်းအင်းအချက်အလက်များသည် မူဝါဒချမှတ်သူများ အတွက်သာမက သုတေသနပြုလုပ်သူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကျောင်းသား/သူများအတွက်ပါ အထူးလိုအပ်ပါကြောင်း၊ ထိုနည်းတူစွာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊တာဝန်ခံမှုရှိသော အစိုးရ တစ်ရပ်ဖြစ်ရန် တိကျမှန်ကန်သော စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရန် လိုအပ်ပါကြောင်းနှင့် စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          အမျိုးသားစာရင်းအင်းစနစ် အရည်အသွေးပြည့်ဝရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုစနစ်များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ သန်းခေါင်စာရင်းနှင့်စစ်တမ်းများ ကောက်ယူရာတွင် နည်းပညာ အကူအညီများ၊ အကြံဉာဏ်များပေးအပ်ခြင်း၊ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာ ဗျူဟာကို အကောင်အထည်ဖော်ခြင်း၊ မြန်မာနိုင်ငံ၏ တရားဝင်စာရင်းအင်းများ ထုတ်ပြန်ခြင်း၊ အားပေးမြှင့်တင်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားစာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဗဟိုစာရင်းအင်းအဖွဲ့နှင့် အတူ စာရင်းအင်းအချက်အလက်ပံ့ပိုးပေးနေသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍတို့ အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

 

 

,