အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ 


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့၏ (၁/၂၀၂၂) အစည်းအဝေးကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ မွန်းလွဲ (၁၄:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ ဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဖြစ်ပါကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဥပဒေနှင့်အညီ ရန်ပုံငွေတစ်ရပ်တည်ထောင်နိုင်ရေး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အ‌သေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးရန်ပုံငွေကို ဥပဒေနှင့်အညီ နိုင်ငံတော်၏ထောက်ပံ့ငွေ၊ ပြည်တွင်းပြည်ပငွေကြေး အဖွဲ့အစည်းများမှ အကူအညီ ရရှိငွေ၊အလှူရှင်များကလှူဒါန်းငွေ၊ မိမိဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ဆောင်ခရရှိငွေတို့နှင့် ထူထောင် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါရန်ပုံငွေထူထောင်နိုင်ရန် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေ၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ကျပ် ၁၇၀ ဘီလီယံ ကိုလျာထား ခွင့်ပြုခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်လည်းရရှိပြီးဖြစ်၍ ရန်ပုံငွေသို့ထည့်ဝင်ရန် အဆင်သင့်ရှိနေပြီ ဖြစ်ပါကြောင်း၊ ရန်ပုံငွေအား အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များ၊ ပြပွဲပြိုင်ပွဲကျင်းပခြင်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် နှစ်တို၊ နှစ်လတ်ချေးငွေများ ထုတ်ချေးရေး အတွက် ဦးစားပေးသုံးစွဲမည်ဖြစ်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့်  အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ အနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် SME ဥပဒေပုဒ်မ ၂၀ ပါ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များအရ ပြင်ဆင်ထားရှိရန် လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်ကြရမည့်ကိစ္စများ၊ ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန်ဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက အထောက်အကူပြုလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်မည့်အစီအစဉ် (မူကြမ်း) နှင့် ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြလာသည့် ရန်ပုံငွေဆိုင်ရာ အဆိုပြုအမှာစာ (၆) စောင်အား အတည်ပြုနိုင်ရေးအတွက် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေး နွေးခဲ့ကြပါသည်။
(သတင်းစဉ်)