နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၊ နိုဝင်ဘာ  ၁၁ 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ပါသည်။

အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အတွက် လျင်မြန်စွာ အကျိုးရလဒ် (Quick Win) ရရှိနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော မတည် ရင်းနှီးငွေများရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးသည့်အနေဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ လက်ကျန်ငွေမှ ကျပ် (၄၀၀) ဘီလီယံကို နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေအမည်ဖြင့် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်း များအား အတိုးနှုန်းသက်သာသောချေးငွေများကို ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ၂၃-၇-၂၀၂၂ ရက်က သတင်းထုတ်ပြန်ခဲ့ပါကြောင်း၊ 

အဆိုပါရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် (၂၃၀) ဘီလီယံ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ကျပ် (၁၀) ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ကျပ် (၈) ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ (၆) ခုတို့သို့ ကျပ် (၅) ဘီလီယံစီဖြင့် စုစုပေါင်း ရန်ပုံငွေ ကျပ် (၃၃၀) ဘီလီယံကို မတည်ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အကြောင်းကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်း၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက စက်တင်ဘာလဆန်းပိုင်းက လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ သွားရောက်ရှင်းလင်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအတွက် ဘဏ္ဍာရေး စည်းမျဉ်းကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ကြောင်း၊ ထို့ပြင် မတည်ထောက်ပံ့ငွေမှ ချေးငွေထုတ်ချေးခြင်း မရှိသေးသည့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ချေးငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေး အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)