မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၊ စက်တင်ဘာ  ၁၂

ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူတို့၏ လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်က ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံရှိ စားသုံးဆီထုတ်လုပ်ရေးအတွက် ဆောင်ရွက်နေသည့် ဆီစက်များ အဆင့်မြှင့်တင်ရန်၊ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ရန်နှင့် ခေတ်မီစက်အသစ်များ ထပ်မံတည်ဆောက်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအရင်းအနှီးများ ရရှိစေရန် မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂-၂၀၂၃) ကို ယနေ့၊ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ အစည်းအဝေးအား လစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အထောက်အကူပြုအဖွဲ့ (၄) ဖွဲ့အား ဖွဲ့စည်းထားရှိပြီး၊ အဖွဲ့အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကြိုတင်ဆွေးနွေးကြရန်နှင့် လစဉ်ပြုလုပ်သည့်အစည်းအဝေးများတွင် အထောက်အကူပြုအဖွဲ့ (၄) ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုတိုးတက်မှုများကို စဉ်ဆက်မပြတ်တင်ပြရန်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်လည်း ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် အမြဲမပြတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်များ၊ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ဆီစက်လုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်